အခြေခံဝါးလက်မှု သင်တန်းဆင်းပွဲကျင်းပ

ဇေယျာသီရိ ဒီဇင်ဘာ ၁၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံဝါးလက်မှု သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာအုပ်စု၊ မွန်းတည့်ခွင်(မြောက်)ကျေးရွာရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ မိသားစု ဝင်ငွေ တိုးပွားစေရန်နှင့် အလုပ်အကိုင် အခွင့်အရေးရရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ရာ အဆိုပါ သင်တန်းတွင် ဝါးတာရှည်ခံနည်းပညာ၊ နှီးနန်းဆွဲသည့် နည်းပညာ၊ တစ်ရှူးဘူး ပြုလုပ်သည့် နည်းပညာ၊ ဝါးဖြင့်နာရီပြုလုပ်သည့် နည်းပညာ၊ ဖုန်းတင်ဒေါက်ပြုလုပ်သည့် နည်းပညာ၊ မီးအိမ်ပြုလုပ်သည့် နည်းပညာ၊ စားပွဲတင်ပန်းခြင်း ပြုလုပ်သည့် နည်းပညာနှင့် လက်မှုထည်များ ဆေးသုပ်သည့် နည်းပညာများကို ဒီဇင်ဘာလ ၆ ရက်နေ့မှ ၁၇ ရက်နေ့အထိ သင်ကြားခဲ့ခြင်းဖြစ်ရာ သင်တန်းဆင်းပွဲတွင် နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးမျိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဝါးလုပ်ငန်းရှင်  ဦးတင်ချိုက သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းပြီးလျှင်လည်း မိမိတို့တတ် မြောက်ထားသည့် ပညာဖြင့် ဝါးလက်မှုပညာများကို ဆက်လက်လုပ်ဆောင်ရန် လိုအပ်ကြောင်း မိမိအနေဖြင့် သင်တန်းသား၊ သင်တန်းသူများ ပြုလုပ်ထားသည့် ဝါးလက်မှုပစ္စည်းများကို ဈေးကွက်ရရှိအောင် လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက သင်တန်းသား/သူများအား သင်တန်းဆင်း လက်မှတ် များပေးအပ်ခဲ့ပြီး နေပြည်တော်၊ အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးတင်ဝင်းမှ သင်တန်းမှထွက်ရှိသည့် ဝါးလက်မှုပစ္စည်းများအား သင်တန်းသူ၊ သင်တန်းသားများထံ ပေးအပ်ခဲ့သည်။                                

အဆိုပါ သင်တန်းသို့ ကျည်တောင်ကျေးရွာအုပ်စု၊ မွန်းတည့်ခွင်(မြောက်) ကျေးရွာမှ သင်တန်း သား/သူ (၂၀) ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)