မော်လမြိုင် ဒီဇင်ဘာ ၁၈
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း ကျဆင်းလာသည်မှာ မြို့နယ်ကိုဗစ်-၁၉ ကော်မတီအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ ကြိုးပမ်းဆောင်ရွက်မှုနှင့် အတူ ပြည်သူများ၏ စည်းကမ်းလိုက်နာမှုတို့ကြောင့်ဖြစ်ပြီး ယခုအခါ အခြားနိုင်ငံများတွင် ဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ မျိုးဗီဇသစ်ရောဂါပိုး အိုမီခရွန်ကြောင့် ပြည်သူများ စိုးရိမ် ထိတ်လန့်မှု မဖြစ်စေရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးတင်ယု၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ ပူးပေါင်း၍ ဒီဇင်ဘာ ၁၇ မွန်းလွဲပိုင်းက ကမ်းနားလမ်းညဈေးတန်း တလျှောက် အသိပညာပေးနှိုးဆော်ခြင်းနှင့် နှာခေါင်း စည်း ဖြန့်ဝေပေးခြင်း လူထုလှုပ်ရှားမှု ဆောင်ရွက်ကြောင်း သိရသည်။
အသိပညာပေး ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ မျိုးဗီဇသစ် ရောဂါပိုး အိုမီခရွန်သည် ကူးစက်မြန် ရောဂါ ဖြစ်သည့်အတွက် ပြည်သူများ၏ လူမှုစီးပွားဘဝ ထိခိုက်မှုမရှိစေရေး တစ်ဦးမှ တစ်ဦးသို့ ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရန် နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်း နှာခေါင်းစည်း (Mask) စနစ် တကျ မဖြစ်မနေ တပ်ဆင်သွားလာကြရန်၊ မေးတွင် တပ်ဆင်ချိတ်ထားခြင်း မပြုကြရန်၊ ဈေးရောင်း၊ ဈေးဝယ်ရာတွင်လည်း (၆)ပေ အကွာမှသာ ရောင်းဝယ်မှုပြုကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာန၏ အသိပေးကြေညာချက်များကို အသိ/သတိဖြင့် လိုက်နာ၍ ကာကွယ်ရေး လုပ်ငန်း များတွင် ပူးပေါင်းဆောင်ရွက်ပေးကြရန် နှိုးဆော်ပေးပြီး နှာခေါင်းစည်းခုရေ (၁၀၀၀) အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)