နမ္မတူ ဒီဇင်ဘာ ၁၈
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီအနေဖြင့် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့တွင် ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ အသက် (၁၈) နှစ်နှစ်အထက် တိုင်းရင်းသားပြည်သူ (၃၀၀) ဦးအား ဒုတိယအကြိမ် Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် နိုဝင်ဘာလ (၁၇) ရက်နေ့တွင် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံထားသည့် အသက် (၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူ (၃၈၀) ဦးထဲမှ ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် ကာကွယ်ဆေး ထိုးနှံရန် လာရောက်သည့် တိုင်းရင်းသား ပြည်သူ(၃၀၀)ဦးအား ဒုတိယအကြိမ် ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသည့် တိုင်းရင်းသားပြည်သူများအား ယနေ့တွင် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာနေရာသို့ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းက အနီးကပ်ကြီးကြပ်လျက် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များမှ စေတနာ့ဝန်ထမ်းများက ဆေးထိုးရန် လာရောက်သည့် တိုင်းရင်း သားပြည်သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ စာရင်းအချက်အလက်များကောက်ယူပေးခြင်းနှင့် လိုအပ်သည်များကို ပူးပေါင်း ကူညီဆောင်ရွက်ခဲ့သည်။
နမ္မတူမြို့နယ်တွင် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ညနေပိုင်း အချိန်အထိ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသည့် ဒေသခံပြည်သူ ၅၁၄၉ ဦး၊ ကျောင်းသား/ကျောင်းသူ ၉၀၂ဦး၊ ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးသည့် ဒေသခံပြည်သူ ၆၈၇၆ ဦးနှင့် ကျောင်းသား/ကျောင်းသူ ၂၀၀ဦး၊ စုစုပေါင်း ကာကွယ်ဆေး ထိုးနှံပြီးသည့် တိုင်းရင်းသား ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူ ၁၃၁၂၇ ဦး ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
လူမော် (ပြန်/ဆက်)