နမ္မတူ ဒီဇင်ဘာ ၁၈
နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိူးကွဲသစ် အိုမီခရွန် ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် အကြောင်း အမျိုးမျိုးကြောင့် ပထမအကြိမ်ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် အသက်(၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေး (Hand Speaker) ဖြင့် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် နမ္မတူရပ်ကွက်နှင့် ပန်ဟိုက်ရပ်ကွက်တို့၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းများက နမ္မတူမြို့နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး မဖြစ်မနေ မိမိအိမ်တွင်း၌သာ နေထိုင်ကြရန်၊ မိမိအိမ်သို့ ပြင်ပမှလာသောဧည့်သည်များကို လက်မခံရန်၊ မိမိတို့မှလည်း သူတစ်ပါးအိမ်သို့ သွားရောက်ခြင်းမပြုရန်၊ မဖြစ်မနေအပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို စနစ်တကျတပ်ဆင်၍ ၆ ပေအကွာမှ ခပ်ခွာခွာနေရန်၊ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) မတပ်ဆင်ထားသောသူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ လူစုလူဝေးပြုလုပ်သွားလာခြင်းကို ရှောင်ကြဉ်ကြရန်၊ မိမိတို့ နေအိမ်များအား လေဝင်လေထွက်ကောင်းစေရန်အတွက် ပြတင်းတံခါးများ ဖွင့်ထားရန်၊ နေအိမ်ပြင်ပက ပြန်လာပြီးတိုင်း လုပ်ဆောင်ရမည့်နည်းလမ်းများ၊ မိမိကိုယ်ကို သံသယလက္ခဏာ တစ်စုံတစ်ရာ ခံစားရပါက နီးစပ်ရာကျန်းမာရေးဌာန၌ စစ်ဆေးကုသမှုခံယူရန် စသည်ဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ နေထိုင်ကြရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် အသက်(၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေး အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)