သင်္ဃန်းကျွန်း ဒီဇင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများကို ကျယ်ကျယ် ပြန့်ပြန့် လိုက်လံဆောင်ရွက်လျက်ရှိရာ ယနေ့၊ ည ၇ နာရီအချိန်က အောင်ဆုပန်ရပ်ကွက်ရှိ လမ်းဆုံလမ်းခွနေရာများတွင် အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခြင်းများ ဆက်လက်ဆောင်ရွက် ခဲ့ကြသည်။
ထိုသို့အသိပညာပေး နှိုးဆော်ရာတွင် မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှု မခံရစေရေး၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များအား တိတိကျကျ ပြည်သူများလိုက်နာကြရန်နှင့် ဧည့်သည်များ လက်ခံခြင်း မပြုကြရန်၊ နေအိမ်ပြင်ပသို့ထွက်လျှင် နှာခေါင်းစည်း (Mask)တပ်ဆင်ခြင်း၊ စနစ်တကျ လက်ဆေးခြင်း၊ လူစုလူဝေးရှောင်ရှားခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းကို ပြည်သူများ အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန်နှင့် အိုမီခရွန်(Omicron) အပါအဝင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါကာကွယ်ရေး နည်းလမ်းများကိုပြည်သူများအားလုံး ဆက်လက် လိုက်နာ ဆောင်ရွက်ကြရန်တို့ကို ရပ်ကွက်အတွင်းနှင့်လူစည်ကားရာ နေရာများတွင် လိုက်လံနှိုးဆော် ပေးခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့၏ဦးဆောင်မှုဖြင့် တာဝန်ရှိသူများက ရောဂါကြိုတင် ကာကွယ်ရေးအသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများ၊ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စန္ဒာမိုး(ပြန်/ဆက်)