လားရှိုး ဒီဇင်ဘာ ၁၈
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဘေဟိုင်းမြို့တော်တွင် ယမန်နေ့ နံနက် (၈) နာရီက မဲခေါင် - လန်ချန်း ဒေသတွင်း အစိုးရ ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးကို Online နှင့် Offline ပေါင်းစပ်ကာ ကျင်းပခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်ပ တိုင်းပြည်များနှင့် ချစ်ကြည်ရေးဆိုင်ရာ အဖွဲအစည်းနှင့် ကွမ်ရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစိုးရတို့အား ယခုဖိုရမ်တွင် ပူးပေါင်းပါဝင်ခွင့်ရသည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊ မဲခေါင်- လန်ချန်း ဒေသတစ်လျှောက် ကျွန်တော်တို့၏ လူမျိုးများ နိုင်ငံသားများ၏ ဘဝများ ၊ လူမှုစီးပွား အသက်မွေးဝမ်းကျောင်းပြုသူများကို ကိုဗစ်-၁၉ ရောဂါ ကပ်ဆိုးက အတိုင်းအတာတစ်ခုအထိ ပျက်စီးစေခဲ့သည့်အတွက် အများပြည်သူလူထု ကျန်းမာရေး ပူးပေါင်း ဆောင်ရွက်မှုအား မဲခေါင် - လန်ချန်းဒေသ ပူးပေါင်းဆောင်ရွက်မှု မှတစ်ဆင့် ပိုမိုခိုင်မြဲစေရန် လိုအပ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်တိုက်ဖျက်ရေးတွင် အထောက်အကူတစ်ခုဖြစ်သည့် အဆက်မပြတ် ကာကွယ်ဆေးများ ထောက်ပံ့ပေးမှုနှင့် အခြားဆေးဘက်ဆိုင်ရာနှင့် ငွေကြေးဆိုင်ရာ ထောက်ပံ့ပေးသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် အကူအညီပေးကြသော အခြားမဲခေါင် ဒေသတွင်း နိုင်ငံများကိုလည်း ကျေးဇူးတင် ရှိပါကြောင်း၊ ရှမ်းပြည်နယ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် ထိစပ်နေသည့်အတွက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ၁၀၀ ရာခိုင်နှုန်း ကာကွယ်ဆေးထိုးနှံနိုင်စေရန် အရေးကြီးပါ ကြောင်း၊ လူမှုစီးပွား ပြန်လည်ကောင်းမွန်လာစေရေးအတွက် နိုင်ငံအားလုံးနှင့် ဒေသအတွင်း အစိုးရများက ဦးစားပေး လုပ်ဆောင်ရမှာဖြစ်ကြောင်း၊ ဆက်သွယ်ရေးနှင့် နယ်စပ်ကုန်သွယ်ရေးများ ပြန်လည်ကောင်းမွန်လာစေရန် ပူပေါင်း ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ အပါအဝင် အခြားအတားအဆီးများကို မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးမှပေးသော အင်အားများဖြင့် ကျော်လွှားအောင်မြင်နိုင်မည်ဟု ယုံကြည်ပါကြောင်းနှင့် မဲခေါင် -လန်ချန်း ပူးပေါင်းဆောင်ရွက်မှုမှ တစ်ဆင့် ငြိမ်းချမ်းသော ဖွံဖြိုးတိုးတက်သော မဲခေါင်-လန်ချန်း ဒေသ၏ အနာဂတ်အတွက် မြန်မာနိုင်ငံမှ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်မှာဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မဲခေါင်-လန်ချန်း ဒေသအတွင်း အစိုးရပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးကို တရုတ်ပြည်သူ့သမ္မတ နိုင်ငံဘက်မှ CPAFFC ဥက္ကဋ္ဌ H.E.Mr. Lin Songtian ၊ တရုတ်နိုင်ငံဆိုင်ရာ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ ၊ ကွမ်ရှီး ၊စီချွမ်း ၊ ကွီဇူး ၊ရန်နမ် ၊ ရှန်ရှီ ဒေသအစိုးရမှ ခေါင်းဆောင်များ ၊ ကမ္ဘောဒီးယား ၊ လာအို ၊ မြန်မာ ၊ ထိုင်း နှင့် ဗီယက်နမ် နိုင်ငံများမှ ဒေသအစိုးရအကြီးအကဲများ တက်ရောက်ကြသည် ။
အဆိုပါ အစည်းအဝေးမှာ ပြည်သူ့ကျန်းမာရေးကို ကာကွယ်ရန် ကပ်ရောဂါဆိုးကို ဆန့်ကျင်တိုက်ဖျက်ရေး ပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုခိုင်မြဲရန်၊ ပိုမိုကောင်းမွန်သော အနာဂတ်အတွက် အပြန်အလှန် အကျိုးရှိသော ပူးပေါင်း ဆောင်ရွက်မှုကို နက်ရှိုင်းစေရန် ရည်ရွယ်ကြောင်း သိရသည်။
မောင်မောင်သန်း (တောင်ကြီး)