နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးမြင့်စိုး ဒက္ခိဏခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ဒက္ခိဏခရိုင် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်) သင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက်

နေပြည်တော်   ဒီဇင်ဘာ     ၁၈

“အမျိုးသမီးထုကြံ့ခိုင်မှုဖြင့် ကမ္ဘာ့အဆင့်မီတက်လှမ်းမည်" ဟူသော ဆောင်ပုဒ်နှင့်အညီ ဒက္ခိဏခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ဒက္ခိဏခရိုင် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင်  ဒက္ခိဏခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နည်းပြဆရာများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဒက္ခိဏခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဒက္ခိဏခရိုင် အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌ ဦးစိုးနိုင်က ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း(အေရိုးဗစ်) သင်တန်းဆင်းပွဲ လက်မှတ်များကိုပေးအပ်ရာ သင်တန်းသား သင်တန်းသူများကိုယ်စာ သင်တန်းသူတစ်ဦးမှ လက်ခံရယူသည်။

ထို့နောက် ဒက္ခိဏခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ရီရီလွင်က ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) သင်တန်းနည်းပြဆရာများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ရာ  သင်တန်းနည်းပြ ဆရာမများဖြစ်ကြသည့် ဒေါ်မိုးသီတာကိုနှင့် ဒေါ်အင်ကြင်းဖူးတို့က အသီးသီးလက်ခံရယူကြသည်။

ယင်းနောက် ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)သင်တန်း သင်တန်းသားသင်တန်းသူများ ကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြေကြားသည်။

ထို့နောက် သင်တန်းသူငါးဦးက သင်ခန်းစာ ပြန်လည်ဆန်းစစ်သရုပ်ပြခြင်းကိုလည်းကောင်း၊ ဇမ္ဗူသီရိမြို့နယ် ၊ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း သမီးငယ်လေးများနှင့် နည်းပြများက Physical Fitness Dance အက နှင့် ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) အဆင်မြင့် အကများဖြင့် လည်းကောင်း သရုပ်ဖော်ကပြ ဖျော်ဖြေကြသည်။

ယင်းနောက် နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက နည်းပြဆရာအဖွဲ့အား ဂုဏ်ပြုဆုငွေကျပ်(၁)သိန်းချီးမြှင့်ရာ ဒက္ခိဏခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ရီရီလွင်က လည်းကောင်း၊ နည်းပြဆရာ (၂) ဦး အတွက် တစ်ဦးလျှင် ဂုဏ်ပြုဆုငွေကျပ် ငါးသောင်းနှုန်းကိုချီးမြှင့်ရာ သင်တန်းနည်းပြဆရာမများ ဖြစ်ကြသည့် ဒေါ်မိုးသီတာကို နှင့် ဒေါ်အင်ကြင်းဖူးတို့က အသီးသီးလက်ခံရယူကြသည်။

အဆိုပါ ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်) သင်တန်းသို့ သင်တန်းသား သင်တန်းသူ (၅၀) ဦးတက် ရောက်ကြပြီး သင်တန်းကာလမှာ ဒီဇင်ဘာ (၈) ရက်နေ့မှ (၁၇) ရက်နေ့အထိ (၁၀) ရက်ကြာ သင်ကြားပို့ချပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဝင်း (ခရိုင်ပြန်/ဆက်)