ကချင်ပြည်နယ်ဝန်ကြီးချုပ်က တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၏ စုပေါင်းခရစ္စမတ် ပွဲတော်သို့ တက်ရောက်ပြီး ပူတာအို၊ ခေါင်လန်ဖူး၊ ပန်နန်းဒင်မြို့များ သာယာလှပဖွံ့ဖြိုးရေး အတွက် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များနှင့် ပတ်သက်၍ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား ဒီဇင်ဘာ ၁၇

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးဌာနမှ ကြီးမှူး၍ ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၏ စုပေါင်းခရစ္စမတ်ပွဲတော်ကို ဒီဇင်ဘာ ၁၇ ရက် နံနက် ၈ နာရီတွင် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်းအတွင်းရှိ မနောအိမ်တော်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

ခရစ္စမတ်ပွဲတော်တွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုလို ခရစ်တော်မွေးနေ့ ကာလဖြစ်သည့် ခရစ္စမတ်အခါသမယတွင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များနှင့်အတူစုပေါင်း၍ ခရစ္စမတ်ပွဲတော် ကျင်းပခွင့်ရသည့်အတွက် ဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူပါကြောင်း ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ပြည်နယ်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးကျော်မင်းခိုင်က ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များစုပေါင်း၍ ခရစ္စမတ်ပွဲတော် ကျင်းပရခြင်းကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ခရစ္စမတ်ပွဲတော်အထိမ်းအမှတ် ဝတ်ပြုဆုတောင်းခြင်းအစီအစဉ်ကို ဆက်လက် ကျင်းပခဲ့ကြပြီး သိက္ခာတော်ရဆရာ ဇုန်းချန်းမှ ခရစ္စမတ်ဒေသနာတော် ဟောကြားခြင်း၊ သီတာ လူငယ်များအဖွဲ့မှ ခရစ္စမတ်သံစုံကျူးဧခြင်း၊ ဓမ္မတေးသီချင်းများ သီဆိုခြင်း၊ ကောင်းချီးဆက်ကပ် တောင်းခံပေးခြင်းများဖြင့် ဆောင်ရွက်ခဲ့ကြကာ မြန်မာနိုင်ငံကချင်လူမျိုးရိုးရာယဉ်ကျေးမှုအဖွဲ့ အတွက် ပြည်နယ်ဝန်ကြီးချုပ်က အလှူငွေကျပ် ၁၀ သိန်းနှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်မြတ်သက်ဦးက အလှူငွေကျပ် ၅ သိန်းတို့ကို  ပေးအပ်လှူဒါန်းခဲ့ကြပြီး တိုင်းရင်းသားရေးဝန်ကြီးက ဝတ်ပြုခြင်းအစီအစဉ် ဦးဆောင်ဆရာတော်၊ ဓမ္မဆရာတော်များနှင့် တက်ရောက် လာသူများအတွက် ခရစ္စမတ်လက်ဆောင်များကို ပေးအပ်ခဲ့ကြရာ မြန်မာနိုင်ငံ ကချင်လူမျိုး ရိုးရာယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးလနူးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။

ထို့နောက် မွန်းလွဲပိုင်းတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပူတာအိုခရိုင်အတွင်းရှိ ပူတာအို၊ ခေါင်လန်ဖူး၊ ပန်နန်းဒင်မြို့များ သာယာလှပရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းတိုင်းတာဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ ပူတာအိုမြို့ သာယာလှပရေးအတွက် မြို့တွင်းအဓိကလမ်းမကြီး ဝဲ/ယာနေရာများ၊ လမ်းဆုံနေရာများနှင့် ပန်းခြံများတွင် မြေယာရှုခင်းနှင့် အလှပန်းပင်များ စိုက်ပျိုးဆောင်ရွက် သွားမည့် လုပ်ငန်းများ၊ လေဆိပ်ပတ် ဝန်းကျင် သန့်ရှင်းသာယာလှပရေး လမ်း၊ မြေယာရှုခင်း အလှနှင့် အဆောက်အအုံများ ပြင်ဆင် ဆောင်ရွက်သွားမည့်အစီအစဉ်များနှင့် တောင်ပေါ်မြို့ ဖြစ်သည့် ခေါင်လန်းဖူး မြို့ရပ်ကွက်တွင်း လမ်းများကျောက်စီလှေကားထစ် အတက်/အဆင်း လမ်းများနှင့် ကွန်ကရစ်လမ်းများ ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ပန်နန်းဒင်မြို့တွင်း လမ်းနှင့် တံတားတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည့် အစီအစဉ်များကို ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်လင်း၊ တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် ဆောင်ရွက်ရမည့် လုပ်ငန်းများအလိုက် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုခရိုင်အတွင်း ခရိုင်မြို့ဖြစ်သည့် ပူတာအိုအပါအဝင် တောင်ပေါ်မြို့များ သန့်ရှင်းသာယာ ဖွံ့ဖြိုးလာစေရေးအတွက် ကြိုးပမ်းဆောင်ရွက် သွားရေး မှာကြားခဲ့သည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းတွင် ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး(၈/၂၀၂၁)ကို ကျင်းပပြုလုပ်ခဲ့ပြီး ကော်မတီဝင်များနှင့် အတူ ပူတာအိုဒေသတွင် မက္ကဒေးမီးယား(ကော်ဖီ၊ ဖာလာအစိမ်း သီးညှပ်ပင်များ စိုက်ပျိုး ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ပြည်နယ်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း ကွင်းဆင်းစစ်ဆေးမည့် အစီအစဉ်နှင့် ကွင်းဆင်းစစ်ဆေးပြီးစီးမှုအခြေအနေများ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ ပေးပို့ထားသည့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာအချက်အလက်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေး ခဲ့ကြသည်။

ပြည်နယ်ပြန်/ဆက်