မွန်ပြည်နယ်ဝန်ကြီးချုပ် မြန်မာ့အားကစား အဆင့်အတန်းမြင့်မားရေး အသက် (၁၈) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေး

မော်လမြိုင်     ဒီဇင်ဘာ     ၁၈

မွန်ပြည်နယ်အနေဖြင့် မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရေး၊ မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ချက်များဖြင့် ၂၀၂၁ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ်ရှိအသက် (၁၈) နှစ်အောက် အမျိုးသား၊ အမျိုးသမီး  ပြေးခုန်ပစ်ပြိုင်ပွဲဆုချီးမြှင့်ပွဲကို  ယမန်နေ့ နံနက် ၉ နာရီခွဲက မော်လမြိုင်မြို့၊ အားကစားနှင့်ကာယပညာသိပ္ပံ (မော်လမြိုင်) တွင် ကျင်းပခဲ့ရာ  မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊  ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်အားပေးသည်။

အဆိုပါ ပြိုင်ပွဲကို ဒီဇင်ဘာ ၁၆ ရက်နေ့ မှ ၁၇ ရက်နေ့ထိ ကျင်းပခဲ့ရာ အမျိုးသား၊ အမျိုးသမီး သံပြားဝိုင်းပစ် ပြိုင်ပွဲ၊ အလျားခုန်ပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ လှံတံပစ်ပြိုင်ပွဲ၊ လက်ဆင့်ကမ်း အပြေးပြိုင်ပွဲတို့တွင် ဆုရရှိကြသည့် အားကစားသမားများကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့ကလည်းကောင်း၊ အသင်းအလိုက် အမျိုးသား၊ အမျိုးသမီး ပထမဆုရရှိသည့် ပေါင်မြို့နယ် အသင်းနှင့် မုဒုံမြိုနယ်အသင်း၊ ပွဲစဉ်အလိုက် အမှတ်အများဆုံးရရှိသည့် ပေါင်မြို့နယ် အသင်းတို့အား ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းကလည်းကောင်း ငွေသားဆု၊ ဆုတံဆိပ်နှင့် တံခွန်စိုက်ဒိုင်းဆုများ အသီးသီးချီးမြှင့်ပေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ကာယပညာသိပ္ပံ (မော်လမြိုင်) သင်တန်းသား၊ သင်တန်းသူများနှင့် တွေ့ဆုံ၍ ယခုလို ကာယပညာသိပ္ပံ (မော်လမြိုင်) သင်တန်း ကျောင်းကြီးကို ၂၀၁၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများကို အားကစားနည်း (၁၀) မျိုးဖြင့် စုစုပေါင်း (၁၄၃၀) ဦး မွေးထုတ် ပေးနိုင်ခဲ့ကြောင်း၊ နိုင်ငံ့အားကစားသမား ကောင်းများအပြင် ဆုတံဆိပ်များစွာ ဆွတ်ခူးထားနိုင်သည့် မှတ်တမ်းကောင်းများ ရှိကြောင်း၊ လူငယ်၊ လူရွယ်များအနေဖြင့် ကျန်းမာသန်စွမ်းပြီး စွမ်းဆောင်ရည် ပြည့်ဝနေရန် လိုအပ်ကြောင်း၊ စိတ်ဓာတ်ခိုင်မာပြီး မိမိကိုယ်မိမိ ထိန်းသိမ်းဆောင်ရွက်တတ်ရန်၊ သင်တန်းနည်းပြ အရာရှိများကလည်း အမြဲမပြတ် လေ့ကျင့်သင်ကြား ပေးကြရန်နှင့် နိုင်ငံတော်အတွက် ဂုဏ်ယူရမည့် အားကစားသမား ကောင်းများ ဖြစ်ပေါ်လာစေရေး ကြိုးစားဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားသည်။

မွန်ပြည်နယ် ကာယပညာသိပ္ပံ (မော်လမြိုင်) အနေဖြင့် ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်တွင် အားကစားနှင့် ကာယပညာအထက်တန်းကျောင်းတွင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးတို့မှ ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း (၅၇) ဦး တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ဇာဖြူဝင်း