လယ်ဝေး ဒီဇင်ဘာ ၁၇
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ် အတွင်းရှိ ပြည်သူများအား သီရိမင်္ဂလာခန်းမနှင့် အခြားဆေးထိုးစုရပ် (၁၀)နေရာတို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယအကြိမ်တို့ကို သတ်မှတ်ရက်များအလိုက် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား ကာကွယ်ဆေးမထိုးမီ စာရင်းရေး သွင်းခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းနှင့် သွေးတွင်းအောက်ဆီဂျင် တိုင်းတာပေးခြင်းများ ပြုလုပ်ပြီး အလှည့်ကျ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည်။ ထို့နောက် ကာကွယ်ဆေး ထိုးနှံပြီးသူများကို မိနစ်(၃၀)ခန့် အနားယူစေပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ သက်ဆိုင်ရာ ကျန်းမာရေးဌာနဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
လယ်ဝေးမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး စင်တာများဖြစ်သည့် သီရိမင်္ဂလာခန်းမ၊ တိုက်နယ်ဆေးရုံများ၊ ကျေးရွာကျန်းမာရေးဌာနခွဲများတွင် ဒီဇင်ဘာ(၁၆)ရက်နေ့အထိ အသက်ကြီးသူများ၊ ဦးတည်အုပ်စုအလိုက် ပြည်သူများနှင့် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း လူဦးရေ (၁၃၆၀၉၄) ဦးအား ပထမအကြိမ် ကာကွယ်ဆေးကိုလည်းကောင်း၊ လူဦးရေ (၇၉၁၅၄)ဦးအား ဒုတိယအကြိမ် ကာကွယ်ဆေးကိုလည်းကောင်း ထိုးနှံပေးခဲ့ပြီး မြို့နယ်လူဦးရေ၏ (၅၈.၁၇) ရာခိုင်နှုန်းအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)