ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြိုင်ပွဲများ၊ အားကစားလှုပ်ရှားမှု ဆောင်ရွက်မည့် အစီအစဉ်များအား မြို့နယ်ပညာရေးမှူးနှင့် တွေ့ဆုံမေးမြန်း

ဒဂုံတောင် ဒီဇင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် အခြေခံပညာ ကျောင်းများ၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြိုင်ပွဲများ၊ အားကစားပွဲများ ပြုလုပ်ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ မြို့နယ်ပညာရေးမှူး ဒေါ်ဦးအေးခင်နှင့် သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည်။

မေး။  ဆရာမကြီး မင်္ဂလာပါခင်ဗျာ။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့မှာ ကျရောက်မယ့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ ရန်ကင်းမြို့နယ်အတွင်းမှာရှိတဲ့ အခြေခံပညာကျောင်းတွေမှာ ဘယ်လိုမျိုး အစီအစဉ်လေးတွေ ဆောင်ရွက်ထားပါသလဲရှင်။

ဖြေ။  ဆရာမကြီးတို့ ဒဂုံတောင်မြို့နယ်အတွင်းမှာရှိတဲ့ အခြေခံပညာကျောင်းက ကျောင်းအုပ်ကြီးတွေကို မြို့နယ်၊ ခရိုင်၊ တိုင်း ပြိုင်ပွဲတွေရှိပါတယ်။ ကျောင်းအဆင့်ယှဉ်ပြိုင်ပြီး ကျောင်းအလိုက် ပထမရတဲ့ ကလေးတွေကို မြို့နယ်အဆင့် ဆက်ပြီးယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

မေး။ ဟုတ်ကဲ့ပါခင်ဗျာ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်မယ့် အတန်းတွေနဲ့ ဘယ်လိုခေါင်းစဉ်တွေနဲ့ ယှဉ်ပြိုင်မှာပါလဲခင်ဗျာ။

ဖြေ။ ဆရာမကြီးကတော့ အထက်တန်းအဆင့် (Gread9/G10/G11) ကို စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ အလယ်တန်းအဆင့်ကို စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ အလယ်တန်းအဆင့် ပိုစတာပြိုင်ပွဲ၊ မူလတန်းအထက်ဆင့် ပန်းချီပြိုင်ပွဲတွေ ကျင်းပပေးသွားမှာဖြစ်ပါတယ်။ ပိုစတာပြိုင်ပွဲနဲ့ ပန်းချီပြိုင်ပွဲမှာဆိုရင် အရွယ်အစား သတ်မှတ်ပေးထားပါတယ်။ ပြိုင်တဲ့ အခါမှာ ခေါင်းစဉ်မတပ်ရဘူး၊ ဘောင်မခတ်ရပါဘူး၊ ပိုစတာပန်းချီအနောက်ဖက်မှာ အမည်၊ အတန်း၊ ကျောင်း၊ မြို့နယ် ရေးရမှာဖြစ်ပါတယ်။ ကြိုက်နှစ်သက်ရာဆေးဖြင့် အချိန် ၂ နာရီပေးထားပါ တယ်။ ကျန်တဲ့ စာစီစာကုံး၊ ကဗျာပြိုင်ပွဲကတော့ အချိန် ၁ နာရီခွဲ ပေးထားပါတယ်။

မေး။ ပြိုင်ပွဲတွေ ယှဉ်ပြိုင်တဲ့အခါမှာ ခေါင်းစဉ်သတ်မှတ် ပေးထားတာမျိုးတွေ ရှိပါသလား ခင်ဗျာ။

ဖြေ။ သတ်မှတ်ပေးထားပါတယ်။ အထက်တန်းအဆင့် (G9/G10/G11) စာစီစာကုံးပြိုင်ပွဲမှာ လွတ်လပ်ရေးနှင့် အမျိုးသားရေးခေါင်းစဉ်၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲမှာ  စည်းလုံး ခြင်းနှင့် လွတ်လပ်ရေးခေါင်းစဉ်၊ အလယ်တန်းအဆင့် ပိုစတာပြိုင်ပွဲမှာ စုပေါင်းညီညာ အောင်ကြောင်းဖြာ ခေါင်းစဉ်၊ မူလတန်းအထက်ဆင့် ပန်းချီပြိုင်ပွဲမှာ စည်းလုံးခြင်းသည် အင်အားခေါင်းစဉ်တွေနဲ့ ပြုလုပ်ခဲ့ခြင်းဖြစ်တယ်။

မေး။ ကျောင်းအားလုံး ပါဝင်ယှဉ်ပြိုင်ရမှာပါလားခင်ဗျာ။

ဖြေ။ ကျောင်းများတွင် မိမိအစီအစဉ်ဖြင့် ယှဉ်ပြိုင်စေကာ ပထမဆုရသူများအား မြို့နယ်အဆင့် ပြန်လည်ယှဉ်ပြိုင်ရမှာဖြစ်တယ်။

မေး။ မြို့နယ်အဆင့် ပထမရတဲ့ ကလေးတွေကို ဘယ်လိုမျိုး ဆက်ပြီး ယှဉ်ပြိုင်ရမှာပါလဲခင်ဗျာ။

ဖြေ။ ဆရာမကြီးတို့က မြို့နယ်အဆင့် ပထမရတဲ့ ကလေးတွေကို ခရိုင်အဆင့်ကို (၂၁-၁၂-၂၀၂၁) မှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး၊ အဲ့ဒီကမှ ပထမရရှိသူတွေကို (၂၃-၁၂-၂၀၂၁) ရက်နေ့မှာ တိုင်းအဆင့် ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

မေး။ အားကစားပွဲတွေ လုပ်သွားဖို့ အစီအစဉ်ရှိပါသလားခင်ဗျာ။

ဖြေ။ ရှိပါတယ်၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ အားကစားပွဲတော်တွေ ကျင်းပပေး သွားမှာပါ။ ထုပ်စီးတိုး၊ ပြေးပွဲပြိုင်ပွဲ၊ အာလူးကောက် စသည်ဖြင့် အားကစားနည်းမျိုးစုံ ကျင်းပ ပြုလုပ်ပေးမှာပါ။ ဆုရတဲ့ ကျောင်းသား၊ ကျောင်းသူတွေကိုတော့ ဆုပေးပွဲ ပြုလုပ်ဖြစ်ရင် ထိုက်ထိုက် တန်တန် ဆုပေးအပ်သွားမှာ ဖြစ်ပါတယ်။

မေး။ ယခုလိုကလေးတွေ အတွက်ပြိုင်ပွဲတွေ အားကစားပွဲတွေ ပြုလုပ်ရခြင်း အပေါ်ဆရာမကြီး အနေနဲ့ ရင်တွင်းစကားလေး မျှဝေပေးပါအုံးခင်ဗျာ။

ဖြေ။ ဟုတ်ကဲ့ပါ၊ ဆရာမကြီးတို့ကျောင်းတွေ ကျန်းမာရေးအခြေအနေကြောင့် မဖွင့်နိုင်တာ (၂)နှစ်နီးပါးရှိခဲ့ပါပြီ။ အခုလိုကျောင်းတွေ ပြန်ဖွင့်ပြီး ကျောင်းသား၊ ကျောင်းသူတွေ အေးအေး ချမ်းချမ်း ပညာသင်ယူနေတာအတွက်လည်း ဝမ်းသာမိပါတယ်။ အခုလို လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နေ့တွေမှာ ပြိုင်ပွဲတွေ ကျင်းပရခြင်းအားဖြင့်လည်း ကျောင်းသား၊ ကျောင်းသူတွေ ဗဟုသုတတွေရတဲ့အပြင် ယှဉ်ပြိုင်ချင်စိတ်တွေ ရှိလာတယ်၊ ကလေးငယ်တွေရဲ့ မည်သည့် အပိုင်းမှာ ထူးချွန်တယ်ဆိုတာ သူတိုကိုယ်တိုင် သိရှိလာတယ်၊ ပြိုင်ပွဲတွေမှာ အတွေ့အကြုံတွေ ရရှိလာတယ်၊ အဲ့ဒီအတွက် ရင်ထဲက ဝမ်းသာပီတိဖြစ်ရပါတယ်။

အခုလိုမျိုး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

သက်မင်းဟန်(ပြန်/ဆက်)