ဟိုမိန်း-လင်းခေးလမ်းပိုင်း (တာဆွတ်တိန်း) ကူးတို့ဆိပ်၌ သံလွင်မြစ်ရေစိုးရိမ်ရေမှတ်ထက် ကျော်လွန်မြင့်တက်

ဟိုမိန်း   သြဂုတ်   ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ဟိုမိန်း-လင်းခေးလမ်းပိုင်း သံလွင်မြစ်နှင့် နမ့်တိန်းချောင်းဆုံရာ(တာဆွတ်တိန်း) ကူတိုဆိပ်၌ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် သြဂုတ် ၂၁ ရက်နေ့မှစပြီး ယမန်နေ့အထိ သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်အထက် ပိုမိုမြင့်တက်လာမှုကြောင့် ကားလမ်းနှင့်လူနေအိမ်များ ရေနစ်မြုတ်မှုများ ဖြစ်ပေါ်နေရာ ခရီးသွားပြည်သူများနှင့် ယာဉ်လိုင်းများအန္တရာယ်ကင်းရှင်းစေရန်အတွက် ရပ်နားထားကြောင်း သိရသည်။

“အခုကျွန်တော်တို့ (တာဆွတ်တိန်း) ကူးတို့ဆိပ်မှာ သံလွင်မြစ်ရေအခြေအနေကတော့ သြဂုတ် ၂၁ ရက်ကစပြီး မြင့်တက်လာခဲ့တာပါ။ ဒီနေ့မှာတော့ ‌ရေအတက်နှုန်းက ပိုတိုးလာပြီး ကားလမ်းမပေါ်ထိ ကျော်လွန်လာတဲ့အပြင် မြစ်ကမ်းနှစ်ဘက်အနီးပတ်ဝန်းကျင်မှာရှိတဲ့ လူနေအိမ်တွေ စားသောက်ဆိုင်တွေ စျေးဆိုင်တွေပါ ရေမြုတ်လာတဲ့အတွက် ကျွန်တော်တို့ ဟိုမိန်းပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ၊ ရွာသူရွာသားတွေနဲ့ ရေလွတ်ရာ ကုန်းမြင့်ပေါ်သို့ ပြောင်းရွေ့နေရာချပေးထားပါတယ်။ ဒါအပြင် အခုရက်ပိုင်း မိုးက နေ့ညဆက်တိုက်ရွာသွန်းမှုကြောင့် တာဆွတ်တိန်း-ဟိုမိန်းလမ်းပိုင်းမှာလဲ တောင်တွေပြို၊  သစ်ပင်လဲပြိုပြီး လမ်းပိတ်ဆို့မှုတွေလဲရှိနေတယ်၊  လောလောဆယ် ဟိုမိန်း-လင်းခေး သွားလာနေတဲ့ ခရီးသည်တင်မော်တော်ယာဉ်တွေ ကုန်စည်ပို့ဆောင်ရေးတွေလုပ်ငန်းတွေကိုတော့ နားထားတယ်။ ဒီနှစ် သံလွင်မြစ်ရေမြင့်တက်မှုဟာ ယခင်နှစ်ရေကြီးရေလျှံမှုထက် ပိုမြင့်တက်လာတယ်၊ သံလွင်မြစ်ဟာ ရေစီးကလည်းကြမ်းလွန်းတယ်။ အဲ့ဒါကြောင့် ခရီးသွားပြည်သူများ ဘေး အန္တရာယ်ကင်းရှင်းစေဖို့ မြစ်ရေမကျခင်ထိ ကူးသန်းမှုကို ရပ်နားထားမှာဖြစ်တယ်” ဟု  တာဆွတ်တိန်း ကူးတို့ ဆိပ် တာဝန်ခံ ဦးလုကာ ပြောကြားချက်အရ သိရသည်။

ရဲနောင်ထွန်း