ဒဂုံတောင် ဒီဇင်ဘာ ၁၇
ကလေးငယ်များ စာကြည့်တိုက်တွင် ပျော်ရွှင်စေရန် ဘက်စုံထူးချွန်မှုရှိစေရန်နှင့် မိဘပြည်သူ များအနေဖြင့် လွတ်လပ်ရေးနေ့အကြောင်းအရာများ သိရှိဗဟုသုတ ရရှိစေရန်အတွက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ချစ်စရာ့အရွယ် ကစားကြမယ် အစီအစဉ်နှင့် နံရံကပ် စာစောင်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကျင်းပပြုလုပ်ရာတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မူလတန်းကြို ကျောင်းသား၊ ကျောင်းသူလေးများအား ကာယဉာဏ စွမ်းရည်များ အခြေခံရရှိစေရန်အတွက် မုန့်စားပြိုင်ပွဲ ပူဖောင်းမှုတ်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများအား ကျင်းပပြုလုပ်ပေးရာ ကလေးငယ်များ ပျော်ရွှင်စွာ ပါဝင်ကစားခဲ့ကြသည်။
ကလေးငယ်များ ပျော်ရွှင်စွာ ကစားကြတဲ့အတွက် မူလတန်ကြိုကျောင်းအုပ် ဆရာမကြီးမှ ကလေးများနှင့်အတူ ပျော်ရွှင်ရပါကြောင်းနှင့် ကလေးငယ်များ စာပေနှင့် ရင်းနှီးမှုရရှိစေရန် စာကြည့်တိုက်နှင့် မစိမ်းစေရန်အတွက် ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားကာ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြသထား သော နံရံကပ်စာစောင်ပါရုပ်ပုံများအား ကလေးငယ်များ နားလည်သိရှိစေရေး ရှင်းလင်ပြသ ပေးခဲ့ပြီး ပြန်/ဆက်ဦးစီးဌာနမှလည်း ဆုရရှိသည့် ကလေးငယ်များ ပျော်ရွှင်စေရန်အတွက် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
သန်းသန်းအေး