ဆိပ်ကြီးခနောင်တို ဒီဇင်ဘာ ၁၇
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ စုစည်း၍ Book Club စာဖတ် ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာနခန်းမတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့် အညီ ကျင်းပပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်သိင်္ဂီပြည့်ဖြိုးက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊ စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးနှင့် ဖတ်ရှုဆွေးနွေးမည့်စာအုပ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် စာဖတ်ဝိုင်းကို ဆက်လက် ပြုလုပ်ရာ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ၏ “လူငယ်နှင့်အခွင့် အလမ်း ” စာအုပ်ထဲမှ “လူ့တန်ဖိုး” ခေါင်းစဉ်ပါ အကြောင်းအရာကို ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်သိင်္ဂီပြည့်ဖြိုးက လည်းကောင်း၊ “အောင်မြင်မှု ရယူခြင်း” ခေါင်းစဉ်ပါ အကြောင်းအရာကို Book Club အသင်းဝင် ဦးထွန်းရှိန် က လည်းကောင်း အသီးသီး ဖတ်ကြား၍ စာဖတ်ဝိုင်းပြုလုပ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ စာဖတ်ဝိုင်းများ ပြုလုပ်ပေးခြင်းအပြင် ပြည်သူ့စာကြည့်တိုက်ရှိ သုတ၊ရသ စာအုပ်၊စာစောင်မျိုးစုံတို့ကို စာဖတ်သူ ပရိသတ်များ အခမဲ့ ငှားရမ်း ဖတ်ရှုနိုင်အောင် စီစဉ် ဆောင်ရွက်ပေးခြင်း၊ ပြည်သူ့စာကြည့်တိုက် Facebook Page မှတဆင့် စာအုပ်မိတ်ဆက် ကဏ္ဍ တင်ဆက်ပေးခြင်း၊ ကလေးငယ်များအတွက် ပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စက္ကူအရုပ်ခေါက်နည်း သင်ကြားပြသပေးခြင်းနှင့် အိမ်တွင်း လက်မှု နည်းပညာများကိုလည်း လက်တွေ့ ပြသလွှင့်တင်ပေးလျက်ရှိပြီး၊ မြို့နယ်ဌာနဆိုင်ရာ ရုံးများနှင့် စာဖတ် ပရိသတ်များ၏ အိမ်တိုင်ရာရောက်လည်း Mobile ကွင်းဆင်း၍ စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
ဝေယံ(IPRD)