မိုင်းဆတ် ဩဂုတ် ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှု အစီအစဉ် (CERP) အရ မိုးစပါး RS to CS မျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။
ရှေးဦးစွာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒါဝိဒ်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေး တို့က အမှာစကားပြောကြားပြီး၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းလွင် က နိုင်ငံတော်မှ ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ တောင်သူများစိုက်ပျိုးထုတ်လုပ်မှုတွင် ထိခိုက်ကျဆင်းမှု မရှိစေရေးအတွက် မိုးစပါး RS to CS မျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းဖြစ်ကြောင်း၊ မိုင်းဆတ်ခရိုင်တွင် (၁၁၅) ဧကနှင့် တစ်နိုင်ငံလုံးအနေဖြင့် ဧကတစ်သိန်းထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းနှင့် မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးနိုင်လင်း က မိုးစပါး RS to CS မျိုးစေ့ထုတ်စိုက်ပျိုးမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဒါဝိဒ်နှင့် တာဝန်ရှိသူတို့က မိုးစပါးဧက (၅၀) RS to CS မျိုးစေ့ထုတ် စိုက်ပျိုးမည့် မယ်နင်ကျေးရွာအုပ်စုမှ တောင်သူ(၁၁)ဦး၊ ဝိန်းနေကျေးရွာအုပ်စုမှ တောင်သူ (၇)ဦးနှင့် မယ်ဆွမ်မြောက်ရပ်ကွက်မှ တောင်သူ(၆)ဦး စုစုပေါင်းတောင်သူ (၂၄)ဦးအား မျိုးစပါးအတွက် ကျပ် (၈၅၀၀)နှုန်းနှင့် စိုက်စရိတ်အတွက် ကျပ်(၇၅၀၀၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၄,၁၇၅,၀၀၀)ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး မျိုးကွဲပယ်ပေါင်းရှင်းခြင်းနှင့် မျိုးသန့်စင်စရိတ်အတွက် ထပ်မံထောက်ပံ့ပေးသွားမည် ဖြစ်သည်။
နိုင်ငံတော်မှ ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှု အစီအစဉ် (CERP)အရ မိုးစပါး RS to CS မျိုးစေ့ထုတ် တောင်သူများအား တစ်ဧကလျှင် မျိုးစပါးအတွက် ကျပ်(၈၅၀၀)နှုန်း၊ စိုက်စရိတ်အတွက် ကျပ်(၇၅၀၀၀)နှုန်း၊ မျိုးကွဲပယ်ပေါင်းရှင်းခြင်းအတွက် ကျပ်(၅၀၀၀၀)နှုန်းနှင့် မျိုးသန့်စင်စရိတ်အတွက် ကျပ်(၁၅၀၀၀)နှုန်းဖြင့် စုစုပေါင်းတစ်ဧကကျပ် (၁၄၈,၅၀၀)နှုန်းဖြင့် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းဇော်(မိုင်းဆတ်)