တိုက်ကြီး ဩဂုတ် ၂၃
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့် လွတ်လပ် ၍တရားမျှတသော ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဒေါ်မိုးမိုးစုကြည် ဦးဆောင်သော မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ပံ့ပိုးကူညီရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်စေရေး၊ ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာသည့်အခါ ပုံစံ(၃)ဖြင့် လျှောက်ထားသူတစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရေးတို့ကို သေချာစွာစိစစ်ရန် လိုအပ်ပါကြောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် ရွေးကောက်ပွဲကာလတွင် မဲဆန္ဒရှင်ပြည်သူများ မဲပေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ မဲပေးနိုင်ရေးဆောင်ရွက်ထားရှိရေး၊ ယာယီမဲရုံတည်ဆောက်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ထားရှိရေးဆွေးနွေးပြောကြားခဲ့ပြီး ပံ့ပိုးကူညီရေးအဖွဲ့ဝင် တိုင်းဒေသကြီး ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးစောနိုင်က မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေးအတွက် ဆောင်ရွက်ရာတွင် လိုအပ်သည်များ ကူညီပံ့ပိုးပေးနိုင်ရေးအတွက် ဖြည့်စွက်ဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမြင့်သိန်းစိုး (ခ) ချိုတူးက ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ပြင်ဆင်ဆောင်ရွက်မှုအခြေအနေ၊ မဲရုံများအခြေအနေ၊ မဲရုံသုံးပစ္စည်းများထားသိုမှုအခြေအနေ၊ မဲဆန္ဒရှင်စာရင်းများကို ကွန်ပျူတာစာရင်းသွင်းဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများတွင် မဲပေးပိုင်ခွင့်ရှိသူ လူဦးရေ (၂၀၉၄၄၃) ဦးရှိပြီး ပထမအကြိမ် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူလူငယ်ဦးရေ (၂၈၅၈၂)ဦးရှိကြောင်း၊ ပထမအကြိမ် မဲစာရင်းလာရောက်ကြည့်ရှုသူ မဲဆန္ဒရှင်ပြည်သူ (၇၇၆၁၁) ဦး ရာခိုင်နှုန်းအားဖြင့် ၃၇ဒသမ၀၅ ရာခိုင်နှုန်းရှိကြောင်း၊ အိမ်ထောင်စုအားဖြင့် (၄၆၃၀၀)စု၊ ၆၇ဒသမ၀၀ ရာခိုင်နှုန်းဖြစ်ကြောင်း တင်ပြဆွေးနွေးခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီး အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရှိန်၊ တိုင်းဒေသကြီး အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဦးလွင်စိုးမင်း၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်ရေးပံ့ပိုးကူညီရေးအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)