ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်း ပုဂံပလတ်စတစ်ကမ်ပိန်းအဖွဲ့နှင့်အတူ ညောင်ဦးမြို့အခြေစိုက်အဖွဲ့အသီးသီးမှအမှိုက်ကောက်ကြ

ညောင်ဦး  ဩဂုတ်  

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ယမန်နေ့ နံနက် ၇ နာရီအချိန်မှစတင်ကာ ပုဂံပလတ်စတစ်ကမ်ပိန်းအဖွဲ့နှင့်အတူ ညောင်ဦးမြို့နယ် အခြေစိုက်အဖွဲ့အသီးသီးမှပူးပေါင်းပါဝင်ကာ ပုဂံညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်း သန့်ရှင်းသာယာ လှပစေရေးနှင့် ပလတ်စတစ်ကင်းစင်ရေးအား စနေနေ့တိုင်း သန့်ရှင်းရေးပြုလုပ်လာခဲ့ရာ ယခုဆိုလျှင် ၆ နှစ် ရှိနေပြီဖြစ်ကြောင်း ပုဂံပလတ်စတစ်ကမ်ပိန်းအဖွဲ့ အတွင်းရေးမှူး ဦးမိုးမင်းအောင်က ပြောကြား သည်။

ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်း ပုဂံပလတ်စတစ်ကမ်ပိန်းအဖွဲ့နှင့်အတူ  ညောင်ဦးခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပုဂံ-ညောင်ဦး ဧည့်လမ်းညွှန်အသင်းမှ အဖွဲ့များ၊ ညောင်ဦးမြို့ သံတဲဟိုတယ်အဖွဲ့၊ ခေတ်သစ်မောင်မာင်မယ်အဖွဲ့၊ Balloons Over Bagan အဖွဲ့သားများ၊ STT Golden Eagle  Balloons အဖွဲ့သားများ၊ Plan Myanmar မှလူငယ်အဖွဲ့များ၊ သရပါဟိုတယ်မှ အဖွဲ့များ၊ ထွန်းကော်မာရှယ်မှအဖွဲ့များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်း၊ တောင်ဘီကျေးရွာမှ ရွှေဘီရပ်သန့်ရှင်းသာယာလှပရေးအဖွဲ့များ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဦးဝင်းအောင်(ဒုတိယညွှန်ကြားရေးမှူး)နှင့် ဝန်ထမ်းများပူးပေါင်းကာ ညောင်ဦးသံတဲဟိုတယ်မှ အခြေခံပညာ အထက်တန်းကျောင်းအထိတစ်ဖွဲ့၊ ညောင်ဦးသံတဲဟိုတယ်မှ မိုးကောင်းကင်လက်ဘက်ရည်ဆိုင်ထိ တစ်ဖွဲ့၊ ညောင်ဦးသံတဲဟိုတယ်မှ မဟာငှက်ပစ်တောင်ဘုရားအထိတစ်ဖွဲ့၊ အဖွဲ့သုံးဖွဲ့ခွဲကာပလတ်စတစ်အမှိုက်များ၊ ဖော့ဘူးခွံများ၊ အချိုရည်ပလတ်စတစ်ဘူးများ၊ အမှိုက်အမျိုးမျိုးတို့ ကောက်ယူရှင်းလင်းခဲ့ကြောင်း၊ ပုဂံပလတ်စတစ်အဖွဲ့နှင့်အတူ ညောင်ဦးမြို့အဖွဲ့အသီးသီးမှ စုပေါင်းအမှိုက်ကောက်ယူသန့်ရှင်းလာခဲ့ရာ ၆ နှစ်တိုင်ခဲ့ပြီဖြစ်ပြီး စည်းကမ်းမဲ့အမှိုက်ပစ်သူရှိနေသ၍ ပုဂံပလတ်စတစ်ကမ်ပိန်းအဖွဲ့နှင့် အခြားအဖွဲ့အသီးသီးတို့ ကောက်ယူသန့်ရှင်းရေးပြုလုပ်နေမည်ဖြစ်ကြောင်း စည်းကမ်းမဲ့အမှိုက်ပစ်ခြင်းများကိုလည်း ရှက်သင့်ကြောင်း၊ ၆ နှစ်တာကာလအတွင်း ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်အတော်လေး အမှိုက်ကင်းစင်နေပြီဖြစ်ကာ သတ်မှတ်နေရာများတွင်သာ အမှိုက်စွန့်ပစ်ကြဖို့လိုပြီး အမှိုက်ခွဲခြား စွန့်ပစ်ဖို့နေရာများလည်း အချို့နေရာများတွင် ပြုလုပ်ပေးထားကြောင်း ပုဂံပလတ်စတစ်ကမ်ပိန်းအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်ဆွေမှ ပြောကြားသည်။

ပုဂံပလတ်စတစ်ကမ်ပိန်းအဖွဲ့နှင့်အတူ စုပေါင်းအမှိုက်ကောက်ကုသိုလ်ယူသူများအား Royal-D Co.,Ltd မှ သီးစုံဓာတ်ဆားဖျော်ရည်ဘူးများ၊  ပလတ်စတစ်ကမ်ပိန်းမှ ကောက်ညှင်းပေါင်းများဖြင့် အာဟာရဒါန ပြုခဲ့ကြောင်းသိရကာ စနေနေ့တိုင်း ပုဂံညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန်အား ပုဂံပလပ်စတစ်ကမ်းပိန်းအဖွဲ့မှဦးဆောင်ကာ ပုဂံညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန် ပလတ်စတစ်ကင်းစင်ရေးအပတ်စဉ် အမှိုက်ကောက်ကြကြောင်း သိရသည်။

ကိုထိန်၊ KPD