ဒက္ခိဏသီရိမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများဆောင်ရွက်

ဒက္ခိဏသီရိ  ဒီဇင်ဘာ   ၁၇

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း  ရပ်ကွက်နှင့် ကျေးရွာများသို့ ယ​နေ့ နံနက်ပိုင်းတွင် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက သွားရောက်၍ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အချက်များကို   အသိပေးနှိုးဆော်​ခြင်းများ ဆောင်ရွက်ခဲ့​ကြသည်။

အဆိုပါ အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း ကျဆင်းလာသည်မှာ ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာများ၏ ကြိုးပမ်းဆောင်ရွက်မှုများ၊ လူမှုရေးအသင်းအဖွဲများ၏ ကူညီပံ့ပိုးမှုများ အပြင် ပြည်သူလူထု၏ စည်းကမ်းလိုက်နာမှု ကောင်းမွန်ခြင်းတို့၏ ရလဒ်ပင်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် စပ်လျဉ်း၍ ဗီဇပြောင်းမျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန် ကူးစက်ပျံ့နှံမှု ရက်ပိုင်းအတွင်းမှာပင် နိုင်ငံအရေအတွက် ပိုမိုများပြားလာခြင်းနှင့်အတူ အာဆီယံနိုင်ငံတစ်ခုဆီသို့ ရောက်ရှိလာပြီဖြစ်ရာ မိမိတို့နိုင်ငံနှင့် နီးကပ်လာ လျက်ရှိနေပြီဖြစ်ကြောင်း၊ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကို ဆက်လက် ကာကွယ်တားဆီးနိုင်ရေး သတိပြုကြရ မည်ဖြစ်သော်လည်း ကြောက်စရာမဟုတ်ပါကြောင်း၊ မိဘပြည်သူများ အနေနှင့် လူစုလူဝေးရှောင်ခြင်း၊ မလိုအပ်ဘဲ မသွားမလာခြင်း၊ ပြင်ပထွက်တိုင်း Mask တပ်ခြင်း၊ လက်ကိုစနစ်တကျ မကြာခဏ ဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ နေထိုင်ခြင်းစသော စည်းမျဉ်းစည်းကမ်းများကို ဆက်လက်လိုက်နာကျင့်သုံး သွားကြပါရန် တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း (ခရိုင်ပြန်/ဆက်)