ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

မိုင်းယန်း        ဒီဇင်ဘာ        ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမူဝန်ထမ်း ဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက အသက်မပြည့်သေးတဲ့ ကလေးအလုပ်သမား လျှော့ချဖို့နှင့် ကလေးငယ်များ၏ အနာဂတ်ဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အခုလို ဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မြို့နယ်လူမူဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းစိုးက အရွယ်မတိုင်မီ ကလေးငယ်များ လုပ်ငန်းခွင်သို့ ရောက်ရှိလာရသည့် အဓိကအကြောင်းရင်းများ၊ ကလေးအလုပ် သမားပပျောက်ရေးအတွက် ကြိုတင်ကာကွယ်တားဆီးရမည့် အချက်များ၊ ကလေးငယ်များနှင့် ပတ်သက်ပြီး ရသင့်ရထိုက်တဲ့ အခွင့်အရေးများ၊ ကလေးအလုပ်သမား ပပျောက်ရေး ပြစ်မှု၊ ပြစ်ဒဏ်များနှင့် ဥပဒေဆိုင်ရာများ၊ ကလေးများအပေါ် မတရားညင်းပန်းနှိပ်စက်မှု၊ အဓမ္မခိုင်းစေမှုများ ကြုံတွေလာပါက ဆက်သွယ်အကူအညီ တောင်းခံနိုင်သည့် နည်းလမ်းများအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)