မူဆယ် ဩဂုတ် ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ (၂၀၁၉-၂၀၂၀) ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြန်မာစာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၈) ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းနှင့် ချီးမြှင့်ငွေပေးအပ်အခမ်းအနားကို ယနေ့မွန်းလွဲ (၂) နာရီအချိန်က မူဆယ်မြို့၊ ရွှေနဂါး၊ မင်္ဂလာခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။
အခမ်းအနားတွင် မူဆယ်ခရိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးလှိုင်စိုးသန့်နှင့် ခရိုင်ပညာရေးမှူး ဒေါက်တာ သက်သက်စံတို့က အမှာစကားအသီးသီးပြောကြားပြီး မောဝ်နေခြည်စာကြည့်တိုက်၊ ကြီးကြပ်ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်က နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ဆက်လက်ပြီး မောင်နေခြည်စာကြည့်တိုက်ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဆရာမ မကျဉ်းတန် (လွိုင်ကော်)က ဂုဏ်ပြုချီးမြှင့်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
မူဆယ်မြို့မှ မြန်မာစာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများကို ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုချီးမြှင့်ငွေတစ်ဦးလျှင်(၁)သိန်းကျပ်ကို အသီးသီးပေး အပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် မြန်မာစာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်နိုင်ရန် အဘက်ဘက်မှ ဖြစ်မြောက်အောင် ဝိုင်းဝန်းကူညီပံ့ပိုးကြသည့် အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပြီး ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယခုကျင်းပပြုလုပ်သည့် (၁၂) ကြိမ်မြောက်၊ မူဆယ်မြို့မှ မြန်မာစာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းနှင့် ဆုချီးမြှင့်ခြင်းကို မူဆယ်မြို့၊ မောဝ်နေခြည်စာကြည့်တိုက်ကြီးကြပ်ရေးကော်မတီမှ ဦးဆောင်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)