ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ အသက် ၁၈နှစ်အထက်နှင့် သတ်မှတ် ဆေးထိုးအုပ်စုများထဲတွင် ပါဝင်ကြသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

ဆိပ်ကြီးခနောင်တို ဒီဇင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို ဆက်လက် ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက်  မြို့နယ်အတွင်း သတ်မှတ် ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ အသက် ၁၈ နှစ်အထက်ရှိသူများ၊ သတ်မှတ်ဦးစားပေး အုပ်စုများတွင် ပါဝင်သူများကို ယနေ့နံနက် ၉ နာရီမှစ၍  ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ ပဏ္ဍိတာရာမ စလင်းကျောင်းတိုက် ဓမ္မာရုံတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ရပ်ကွက်အတွင်းရှိ အသက် ၁၈နှစ်အထက်ရှိသူများ၊  သတ်မှတ်ဆေးထိုးအုပ်စုများထဲတွင် ပါဝင်သည့် မြို့နယ်နေပြည်သူများအား မြို့နယ်သူနာပြု ဆရာမကြီး ဒေါ်ခင်ပပလွင်ကြီး ဦးဆောင်၍ သူနာပြု ဆရာမများနှင့် ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်၍ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအဖွဲ့  အစည်းများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း  သိရသည်။

ဝေယံ(IPRD)