မိုင်းရယ်တွင် မဲစာရင်းစိစစ်ရေးလုပ်ငန်းကော်မတီဖွဲ့စည်းခြင်းနှင့် တစ်အိမ်တက်ဆင်း မဲစာရင်းများ စစ်ဆေး

မိုင်းရယ် သြဂုတ် ၂၃

လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ် မဲစာရင်းစိစစ်ရေးကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့နံနက် (၉) နာရီက မိုင်းရယ်မြို့၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က အဖွင့်အမှာစကားပြောကြားရာ ၂၀၂၀ ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကိုကောက်ယူခြင်း၊ ကြေညာခြင်းများ ပြုလုပ်ခဲ့ပြီး မဲဆန္ဒရှင်စာရင်းတွင် မပါဝင်ခဲ့သူများ၊ အချက်အလက်ပြင်ဆင်ခြင်းများ၊ ပယ်ဖျက်ခြင်းများကို ဆောင်ရွက်လျက်ရှိပြီး ယင်းဆောင်ရွက်မှုများကို ပြည့်စုံမှန်ကန်စေရေးအတွက် မဲစာရင်းစိစစ်ရေးလုပ်ငန်းကော်မတီကိုဖွဲ့စည်းခြင်းဖြစ်ကြောင်းနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအနေဖြင့် မိမိတို့တာဝန်ကျသည့် ရပ်ကွက်၊ ကျေးရွာ အုပ်စုများရှိ မဲဆန္ဒရှင်စာရင်းများအား စိစစ်ကြရန်ဖြစ်ကြောင်း ပြောကြားသည်။ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ပီတာမြင့်သိန်းက ရွေးကောက်ပွဲကျင်းပနေစဉ် မဲရုံများတွင်ထားရှိမည့် အထူးရဲများတင်ပြထားရှိမှုအား ရှင်းလင်းပြောကြား၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုင်းသိန်းအောင်က မဲစာရင်းစိစစ်ရေးကော်မတီ၏ လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် မြို့နယ် မဲစာရင်းစိစစ်ရေးလုပ်ငန်းကော်မတီကို ဖွဲ့စည်းခဲ့သည်။

ဆက်လက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုင်းသိန်းအောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများသည် မိုင်းရယ်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေး မှူးများက တစ်အိမ်တက်ဆင်း မဲဆန္ဒရှင်စာရင်းများ ပြန်လည်စစ်ဆေးနေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ မိုင်းရယ်မြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လအထိ ပြင်ဆင်ထည့်သွင်းပြီးသည့် မဲပေးနိုင်သည့် မဲဆန္ဒရှင်စာရင်းမှာ ၄၇၈၆၁ ဦးဖြစ်ကြောင်း သိရှိရသည်။

မြို့နယ်ပြန်/ဆက်