ဒေါပုံ ဒီဇင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်မှုများကို ကျယ်ကျယ် ပြန့်ပြန့် လိုက်လံဆောင်ရွက်လျက်ရှိရာ ယနေ့ ညနေ ၆ နာရီအချိန်က ကြည်စုရပ်ကွက်ရှိ လမ်းဆုံ လမ်းခွနေရာများတွင် အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခြင်းများ ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ အသိပညာပေး နှိုးဆော်ရာတွင် မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှု မခံရစေရေး၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များအား တိတိကျကျ ပြည်သူများ လိုက်နာကြရန်နှင့် ဧည့်သည်များ လက်ခံခြင်း မပြုကြရန်၊ နေအိမ်ပြင်ပသို့ ထွက်လျှင် နှာခေါင်းစည်း (Mask)တပ်ဆင်ခြင်း၊ စနစ်တကျ လက်ဆေးခြင်း၊ လူစုလူဝေးရှောင်ရှားခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းကို ပြည်သူများ အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန်နှင့် အိုမီခရွန်(Omicron) အပါအဝင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါကာကွယ်ရေး နည်းလမ်းများကို ပြည်သူများအားလုံး ဆက်လက် လိုက်နာဆောင်ရွက်ကြရန်တို့ကို ရပ်ကွက်အတွင်းနှင့် လူစည်ကားရာ နေရာများတွင် လိုက်လံနှိုးဆော်ပေးခဲ့ကြောင်း သိရသည်။
ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တာဝန်ရှိသူများက ရောဂါကြိုတင်ကာကွယ်ရေး အသိ ပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများ၊ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို အရှိန်အဟုန် မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယဉ်မော်(ပြန်/ဆက်)