မူဆယ်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် ကိုဗစ်မျိုးကွဲ အိုမီခရွန်(Omicron)အကြောင်းများ ဒေသခံပြည်သူများ သိရှိနိုင်ရန် အသိပညာပေးနှိုးဆော်

မူဆယ်   ဒီဇင်ဘာ     ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇ ပြောင်း မျိုးကွဲ အိုမီခရွန်(Omicron) ရောဂါကူးစက်ပြန့်ပွားမှုကို ထိရောက်စွာကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ဒေသခံပြည်သူများက ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များ အတွင်းသို့ Hand Speakerဖြင့် လှည့်လည်နှိုးဆော်ခဲ့ သည်။         

ယင်းသို့ နှိုးဆော်မှုဆောင်ရွက်ရာတွင် အိုမီခရွန်(Omicron) မျိုးကွဲသစ်သည် မူလကိုဗစ်-၁၉နှင့် လုံးဝမတူတော့ခြင်း၊ လက်ရှိကာကွယ်ဆေးများကို ထိရောက်မှုလျော့ကျနိုင်စေခြင်း၊ ယခင် ကိုဗစ်-၁၉ရောဂါ ဖြစ်ဖူးသူများလည်းထပ်မံဖြစ်ပွားနိုင်ခြင်း၊ ရောဂါကူးစက်မှု ပိုမို  မြန်ဆန်ခြင်းတို့ကြောင့် ဒေသခံပြည်သူများအနေဖြင့် ပြင်ပမှလာရောက်သည့် ဧည့်သည်များကို လက်မခံရန်၊ အခြားသူများထံသွားရောက်ခြင်း မပြုကြရန်၊ အပြင်ထွက်ပါက ပါးစပ် နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်၍ သွားလာကြရန်၊ လက်ကိုမကြာခဏဆပ်ပြာနှင့်  စနစ်တကျစက္ကန့်(၂၀)ကြာ ဆေးကြောရန်၊ လူထူထပ်သည့်နေရာများသို့ သွားရောက် ခြင်းမှ ရှောင်ကြဉ်ရန်၊ နှာခေါင်းစည်း(Mask)မတပ်ဆင်ထားသောသူများနှင့် တွေ့ဆုံခြင်း၊ စကား ပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ကြရန်နှင့် မိမိအနေဖြင့် ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာန၏ လမ်းညွှန်ချက်အတိုင်း တိကျစွာလိုက်နာကြရန်၊ မိဘပြည်သူများအားလုံး ကိုဗစ်-၁၉ရောဂါပိုး ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို စနစ်တကျ လိုက်နာ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်တို့ကို ထည့်သွင်းဆော်ဪပေးခဲ့ကြောင်း သိရသည်။                                                                                               အဆိုပါ နှိုးဆော်မှုလုပ်ငန်းများကို မူဆယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဝန်ထမ်းများက ရပ်ကွက်များအတွင်းသို့ လှည့်လည်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။    

ချယ်ရီမြေ(မူဆယ်)