လှိုင် ဒီဇင်ဘာ ၁၇
ကျောင်းသား၊ ကျောင်းသူများ လွတ်လပ်ရေးဆိုင်ရာ ဗဟုသုတများကို သိရှိနားလည်စေရန်၊ ဉာဏ်ပညာစွမ်းရည်၊ အနုပညာစွမ်းရည်များ တိုးတက်လာစေရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် ကျောင်းသား၊ကျောင်းသူများ ဖြစ်လာစေရန်အတွက် ရည်ရွယ်ကာ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၄) ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် ပိုစတာပြိုင်ပွဲများကို ယမန်နေ့ နံနက်(၉:၀၀)နာရီအချိန်က ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် အ.လ.က (၈)တွင် စာစီစာကုံးပြိုင်ပွဲနှင့် မြို့နယ်ပညာရေးမှူး ရုံးတွင် ပိုစတာနှင့် ပန်းချီပြိုင်ပွဲ ကျင်ပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြို့နယ်အဆင့် ပြိုင်ပွဲများကို အခြေခံပညာဦးစီးဌာန၊ လှိုင်မြို့နယ် ပညာရေးမှူးရုံးမှ ဦးစီးကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ပြိုင်ပွဲများ ကျင်းပရာ အထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ အလယ်တန်းအဆင့် စာစီစာကုံး၊ ပိုစတာပြိုင်ပွဲနှင့် မူလတန်းအဆင့် ပန်းချီပြိုင်ပွဲယှဉ်ပြိုင်ခဲ့သည်။ အဆိုပါ ပြိုင်ပွဲတွင်ဆု ရရှိသူ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် အခြေခံပညာဦးစီးဌာနမှ ဦးစီးကျင်းပပြုလုပ်သော ခရိုင်အဆင့်၊ တိုင်းအဆင့်ပြိုင်ပွဲများသို့ အဆင့်ဆင့် ဆက်လက်ရွေးချယ် ဝင်ရောက်ယှဉ်ပြိုင်သွားရမည်ဖြစ်ပြီး ရန်ကုန်အနောက်ပိုင်းခရိုင်အဆင့် ပြိုင်ပွဲကို ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် အ-ထ-က(၂)လသာ၌ လည်းကောင်း၊ တိုင်းအဆင့် ပြိုင်ပွဲများကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် အထက(၂)လသာ၌ လည်းကောင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)