ရမည်းသင်း ဩဂုတ် ၂၃
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ဇနီး အမျိုးသမီးကော်မတီနာယက ဒေါက်တာယုယုမေသည် ယမန်နေ့ နံနက်ပိုင်းက ရမည်းသင်းမြို့နယ် မြို့လှအထကကျောင်း၊ ငှက်သိုက်ကျေးအထကကျောင်း၊ ရွာတန်းအထကကျောင်းနှင့် သိမ်ကုန်းအထကကျောင်းများ၌ ပညာသင်ရန်သွားလာရေးခက်ခဲသော ရပ်ဝေးကျေးရွာများမှ ကျောင်းသူ၊ ကျောင်းသားများအတွက် စက်ဘီး (၅၀၀) ပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့လှအထကကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား စက်ဘီးပေးအပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲကကျင်းပရာ မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီနာယက ဒေါက်တာယုယုမေက အမှာစကားပြောကြားရာတွင် ရပ်ဝေးကျေးရွာများမှ ကျောင်းတက်သွားလာရေးခက်ခဲသော ကျောင်းသား၊ ကျောင်းသူများအဆင်ပြေစွာ ကျောင်းတက်ပညာသင်ယူနိုင်ရန် စက်ဘီးလှူရခြင်းကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီးအမျိုးသမီးကော်မတီ နာယက ဒေါက်တာယုယုမေ တိုင်းဒေသကြီး အမျိုးသမီးကော်မတီနာယက အဖွဲ့ဝင်များနှင့်အလှူရှင် ရှင်သန်ခြင်းအများပိုင်ကုမ္ပဏီတာဝန်ရှိသူတို့က ရပ်ဝေးကျေးရွာများမှ ကျောင်းတက်လာရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူ (၇၁) ဦးအား စက်ဘီး (၇၁) စီးကို လှူဒါန်းပေးအပ်ပြီး တိုင်းဒေသကြီး အမျိုးသမီးကော်မတီနာယကအဖွဲ့ဝင်များက မြို့လှအထက ကျောင်းဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျန်းမာရေးအထောက်အကူပြုနှာခေါင်းစည်း၊ လက်သန့်ဆေးရည်ဘူးများ လှူဒါန်းရာ မြို့လှကျောင်းအုပ်ဆရာမကြီး လက်ခံရယူပြီး မြို့လှရွာပြည်သူများအတွက် နှာခေါင်းစည်းများနှင့် လက်သန့်ဆေးရည်ဘူးများ ပေးအပ်လှူဒါန်းရာ မြို့နယ်အမျိုးသမီးကော်မတီအဖွဲ့ဝင်တစ်ဦးက လက်ခံရယူပြီး နဝမတန်းကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။
ထို့နောက် ငှက်သိုက်အထကကျောင်း၌ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများအတွက် နှာခေါင်းစည်းနှင့် လက်သန့်ဆေးရည်ဘူး ပေးအပ်လှူဒါန်းပြီး ရပ်ဝေးကျေးရွာများမှ ကျောင်းလာရောက်တက်ကြသည့် ကျောင်းသား၊ ကျောင်းသူများအတွက် စက်ဘီး (၁၀၈) စီးကိုလည်းကောင်း၊ ရွာတန်းအထကကျောင်း၌ ဆရာ၊ ဆရာများနှင့်ကျောင်းသား၊ကျောင်းသူများအတွက် နှာခေါင်းစည်း၊ လက်သန့်ဆေးရည်ဘူးများနှင့် ရပ်ဝေးကျေးရွာတို့မှ ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူ(၁၀၈)ဦးအတွက် စက်ဘီး(၁၀၈)စီးကိုလည်းကောင်း၊ ငှက်သိမ်ကုန်းအထကကျောင်း၌ ဆရာ၊ဆရာများနှင့်ကျောင်းသား၊ ကျောင်းသူများအား နှာခေါင်းစည်း၊ လက်သန့်ဆေးရည်ဘူးများနှင့် ရပ်ဝေကျေးရွာများမှ လာရောက်ပညာသင်ကြားသည့် ကျောင်းသား၊ ကျောင်းသူ (၂၁၃) ဦးကို စက်ဘီး (၂၁၃) စီးကို အမျိုးသမီးကော်မတီနာယက ဒေါက်တာယုယုမေနှင့် တိုင်းဒေသကြီးအမျိုးသမီးကော်မတီအဖွဲ့ဝင်များက ပေးအပ်လှူဒါန်းသည်။
ယနေ့လှူဒါန်းသည့် အထကကျောင်းများမှ ကျောင်းသား၊ ကျောင်သူများအတွက် စက်ဘီး၊ နှာခေါင်းစည်းနှင့် လက်သန့်ဆေးရည်ဘူးပစ္စည်းများကို မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီနှင့် ရှင်သန်ခြင်းအများပိုင်ကုမ္ပဏီတို့က ပေးအပ်လှူဒါန်းခြင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများအတွက် စုစုပေါင်း စက်ဘီး (၅၀၀) စီးကို လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
ဇော်ဝင်းအောင်