တာချီလိတ်မြို့၌ တန်ဖိုးသင့်မြန်မာထမင်းဟင်း ရောင်းချပေးသဖြင့် အခြေခံလူတန်းစားများ အဆင်ပြေ

တာချီလိတ် ဒီဇင်ဘာ ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ တန်ဖိုးသင့် မြန်မာထမင်းဟင်းများကို  ဆန်ဆိုင်း ရပ်ကွက်၊ ရှမ်းရိုးမကွင်းအနီး ရွှေကောင်းကင် စားသောက်ဆိုင်တွင် တစ်ပတ်လျှင် (၅)ရက် ရောင်းချ ပေးသဖြင့် အခြေခံလူတန်းစားများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

“ကြက်သား၊ ဝက်သားနဲ့ ကြက်ဥဟင်း သုံးမျိုးထဲက ကိုယ်ကြိုက်တဲ့ဟင်းတစ်မျိုးနဲ့အတူ ငါးခြောက်ဘာလချောင်ကြော်၊ ချည်ပေါင်အချဉ်ဟင်းစတဲ့ အရံဟင်းတွေလည်းပါတော့ စားရတာ ဆင်ပြေတယ်။ အသားဟင်း သုံးမျိုး ကိုလည်းစားတဲ့သူအဆင်ပြေအောင် ပြောင်းပြီးချက်ပေးတယ်။ ဒီလိုကာလကြီးထဲမှာ ကျွန်တော်တို့လိုအခြေခံ လူတန်းစားတွေအတွက် အခုလိုရောင်ချပေးတာ တစ်ကယ်ကိုကျေးဇူးတင်ပါတယ်” ဟု ဒေသခံ ဦးဖိုးထူးက ပြောသည်။

“ဒီဇင်ဘာလ (၆)ရက်နေ့ကစပြီး ရောင်းပေးခဲ့တာပါ။ စရောင်းခါစက ထမင်းဗူးရေ(၁၇၀)ကျော်သာ ရောင်းချခဲ့ရပြီး နေ့စဉ်တိုးရောင်းချပေးနေတာ ဒီနေ့ထိဆို ထမင်းဗူး(၁၈၀၀)ကျော် ရောင်းချပေး နိုင်ခဲ့ပါတယ်။” ဟု ဆိုင်ရှင် ဒေါ်နန်းလှရီက ပြောသည်။

အဆိုပါ တန်ဖိုးသင့်ထမင်းဟင်းများကို တာချီလိတ်မြို့ရှိ အလှူရှင်များ စုပေါင်းငွေဖြင့် ရောင်းချပေးခြင်းဖြစ်ပြီး တစ်ပွဲလျှင် ထိုင်းဘတ်ငွေ-၁၀ (ကျပ် ၅၀၀ ကျော်) ဖြင့် တစ်ပတ်တွင် (၅)ရက် (တနင်္လာ၊ အင်္ဂါ၊ ကြာသာပတေး၊ သောကြာနှင့် တနင်္ဂနွေနေ့တိုင်း)  ညနေ ၄ နာရီမှ စတင် ရောင်းပေးချပေးလျက်ရှိပြီး ဆိုင်ထိုင်စားသောက်၍လည်းရကြောင်း သိရသည်။  

ယာဆေး ( ပြန်/ဆက်)