နေပြည်တော်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁၆

နေပြည်တော်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော် ကောင်စီရုံး အစည်းအဝေးခန်းမ ၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်အမျိုးသမီးကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက  အမျိုးသမီးများ နိုင်ငံရေးမှာ တန်းတူညီမျှ ပါဝင်နိုင်ရေးအပြင် စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ အခွင့်အလမ်းတွေမှာ တန်းတူညီမျှရရှိရေးကို ကြိုးစားဆောင်ရွက် သွားကြရမှာဖြစ်ကြောင်း၊ အမျိုးသမီးများနှင့် ကလေးငယ်များအား နည်းလမ်းပေါင်းစုံဖြင့် အကြမ်းဖက်မှုမှ ကာကွယ်နိုင်ရန် အတွက် အသိပညာပေး လုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရန် ရပ်ကွက်/ကျေးရွာများအထိ ကွင်းဆင်းပြီး ဆောင်ရွက် စေလိုကြောင်း၊ မြန်မာအမျိုးသမီးများ၏ စွမ်းဆောင်မှုမြင့်မား လာအောင်နှင့်ကဏ္ဍစုံမှာ အမျိုးသား တွေနှင့် ရင်ပေါင်တန်းပြီး ပါဝင် ဆောင်ရွက် နိုင်အတွက် အမျိုးသမီးတိုင်း စာတတ်မြောက်ရေး၊ အသိဉာဏ် ဖွံ့ဖြိုးရေး၊ ကိုယ်ရည်ကိုယ်သွေး ပြည့်ဝရေးကိုရှေးရှုပြီး ဆွေးနွေးပေး စေလိုကြောင်း၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မှုများကို ကျေးလက်နှင့် မြို့ပြ အမျိုးသမီးများပါမကျန် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးကို နေပြည်တော် အမျိုးသမီး ကော်မတီအနေဖြင့် အလေးထား ပြီး ဆွေးနွေးပေးစေလို ကြောင်းပြောကြားသည်။

ထို့နောက် နေပြည်တော်အမျိုးသမီးကော်မတီ အတွင်းရေးမှူး နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်က နေပြည်တော်အမျိုးသမီးကော်မတီဖွဲ့စည်းခြင်း၊ အမျိုးသမီး များဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်း ဆောင်ရွက်ချက်များ၊ အမျိုးသမီး စောင့်ရှောက်ရေးလုပ်ငန်းများ၊ အိမ်တွင်းမှုအသက်မွေးလုပ်ငန်း သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်မှု များ၊ အသိပညာပေးလုပ်ငန်းဆောင်ရွက်ခြင်းများ၊ ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသည့် နေပြည်တော်အမျိုးသမီးကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီး ရှင်းလင်း ဆွေးနွေးကြရာ နေပြည်တော်အမျိုးသမီးကော်မတီဥက္ကဋ္ဌ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက ဆွေးနွေးမှုများအပေါ် လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)