မုဒုံ ဒီဇင်ဘာ ၁၆
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုး ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မြို့ပေါ် ရပ်ကွက်များနှင့် လူစည်ကာရာ လမ်းဆုံလမ်းခွနေရာများတို့၌ အသံချဲ့စက်ဖြင့် မွန်/ဗမာ နှစ်ဘာသာဖြင့် အသိပညာ ပေးနှိုးဆော်ခဲ့သည်။
အဆိုပါ အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံးအိမ်တွင်း၌သာ နေထိုင်ကြရန်၊ မိမိအိမ်သို့ပြင်ပမှ ဧည့်သည်များလက်မခံရန်နှင့် အခြားသူများထံသို့သွားရောက် မလည်ပတ်ရန်၊ အရေးကြီးကိစ္စနှင့် အပြင်ထွက်ပါက လူတိုင်း Mask ကို စနစ်တကျ တပ်ဆင်ရန်၊ လူစုလူဝေးရှိသော နေရာများကို ရှောင်ကြဉ်ရန်၊ လက်ကို မကြာခဏဆေးရန်၊ လက်မဆေးဘဲ ပါးစပ်၊ နှာခေါင်း မျက်စိတို့ကို ပွတ်သပ်ကိုင်တွယ်ခြင်း မပြုလုပ်ရန်၊ လေဝင် လေထွက်ကောင်းသော အခန်း၌သာနေထိုင်ရန်၊ ရောဂါကူးစက်ခံရပါကနီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါသည် သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ နှလုံး၊ သွေးတိုးရှိသူများကို ကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်သဖြင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအတိုင်း ပြည်သူများအားလုံး ပူးပေါင်းပါဝင်ပေးကြရန် တိုက်တွန်း နှိုးဆော်ခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)