ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်အတွင်းရှိ မြို့နယ်များသို့ နိုင်ငံသားစိစစ်ရေး ကတ် (၄၀၉၁) ကတ် ပြည်သူများအားပေးအပ်

လားရှိုး          ဒီဇင်ဘာ     ၁၆

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့် တာဝန်ရှိသူများတို့သည် ယနေ့ နံနက် (၈) နာရီက လားရှိုးမြို့၊ ဂျမိုင်ရွာဟောင်း ရေထွက်အား သွားရောက်ကြည့်ရှုရာ လားရှိုးမြို့နယ် စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးကျော်ဇင်မှ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည့်များ ဖြည့်စွက်မှာကြားခဲ့သည်။

ဆက်လက်၍ လားရှိုးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသော “ပန်းခင်း” စီမံချက် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ယနေ့ အခမ်းအနားတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးခရိုင်အတွင်းရှိ လားရှိုး၊ သိန်းနီ၊ တန့်ယန်း၊ မိုင်းရယ်၊ ကွမ်းလုံမြို့နယ်များမှ “ပန်းခင်း” စီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားပေါင်း (၄၀၉၁) ကတ်ကို ပြည်သူများ လက်ဝယ်အရောက်ပေးအပ် ပွဲဖြစ်ပါကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်သူများအတွက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးရေး “ပန်းခင်း” စီမံချက်သည် နိုင်ငံတော်၏ စီမံချက်ကြီးတစ်ခု ဖြစ်သလို ပြည်သူလူထုအတွက် အမှန်တကယ် လိုအပ်ချက်ကို ဖြည့်ဆည်း ဆောင်ရွက်ပေးနေသည့် ပြည်သူ့အကျိုးပြု စီမံချက်ဖြစ်ပါကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဝန်ထမ်းများသည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွား နေသည့်ကာလ၊ မိုးတွင်း ကာလတွင် ယနေ့အထိ ကျေးရွာများအရောက် အပင်ပန်းခံပြီး ကွင်းဆင်းဆောင်ရွက်ပေးနေသလို ပြည်သူများ ကလည်း နိုင်ငံတော်၏ စေတနာဝန်ထမ်းများ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြု၍ ဝိုင်းဝန်းကူညီ ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြရန်၊ “ပန်းခင်း” စီမံချက်စတင်ဆောင်ရွက်ပြီးချိန်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ခဲ့ရာပထမအကြိမ်တွင် နိုင်ငံသားကတ်ပေါင်း (၁၄၂၁) ကတ်၊ ဒုတိယအကြိမ်တွင် (၁၄၂၇) ကတ်၊ တတိယအကြိမ်တွင်(၂၆၉၈) ကတ်၊ စတုတ္ထအကြိမ်တွင် (၂၄၄၁) ကတ်၊ ပဥ္စမအကြိမ်အဖြစ် နိုင်ငံသား ကတ်ပေါင်း (၄၀၉၁) ကတ်၊ ယနေ့ထိ စုစုပေါင်း(၁၂၀၇၈)ကတ်ကို ပေးအပ် နိုင်ခဲ့ပြီး လားရှိုးခရိုင်အနေဖြင့် (၅)ကြိမ်မြောက် ပေးအပ်ပွဲတွင် အများဆုံးပေးအပ်နိုင်ခဲ့ကြောင်း ပြောကြားသည်။

ထို့နောက် လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ ရပ်ကွက်ရှိကျေးရွာအုပ်စုများရှိ ဒေသခံပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ကိုးကန့်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊`ဝ´ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းမှ တာဝန်ရှိသူများနှင့် ဒုတိယပြည်နယ် အုပ်ချုပ်ရေးမှူး၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးမှူးတို့မှ အသီးသီး ပေးအပ်ကြသည်။

အဆိုပါ လားရှိုးခရိုင်အတွင်းရှိ မြို့နယ်များကို နိုင်ငံသားစိစစ်ရေးကတ် ပေးအပ်ပွဲတွင် လားရှိုးမြို့ (၁၂၁၅) ကတ်၊ သိန်းနီမြို့ (၅၆၉) ကတ်၊ တန့်ယန်း မြို့(၁၇၇၂) ကတ်၊ မိုင်းရယ်မြို့ (၂၈၆) ကတ်၊ ကွမ်းလုံမြို့ (၂၄၉) ကတ် ပေးအပ်ကြကြောင်း သိရသည်။

၎င်းနောက် လားရှိုးတက္ကသိုလ်ဓမ္မာရုံတွင် ကျင်းပပြုလုပ်သော လားရှိုးတက္ကသိုလ်မိသားစု (၁၃) ကြိမ်မြောက် မဟာဘုံကထိန်ပွဲတော်သို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက တက်ရောက်ကြပြီး နယ်စပ်သာသနာပြုပါရမီကျောင်းတိုက် သာသနဓဇမ္မာစရိယ၊ သဒ္ဒမ္မဇောတိက မဟာသဒ္ဒမ္မ ဇောတိကဓဇဆရာတော် ဘဒ္ဒန္တ ကောဏ္ဍည မထေရ်မြတ် ထံငါးပါးသီလဆောက်တည်၍ဆရာ တော်သံဃာတော်အရှင်သူမြတ်တို့မှ မေတ္တာသုတ်ပရိတ်တရားတော်ကို နာယူပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ဆရာတော်အား လှူဖွယ်ပစ္စည်း၊ ကထိန်သင်္ကန်း၊ နဝကမဝတ္ထုငွေများ ဆက်ကပ်၍ ဆရာတော်ဘုရားထံမှ အနုမောဒနာနှင့် ရေစက်သွန်ချ အမျှပေးဝေကြကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)