ရန်ကုန် ဒီဇင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရေးနှင့် တားဆီး ကာကွယ်နိုင်ရေး အတွက် ရည်ရွယ်၍ ဦးစားပေး အစီအစဉ်အလိုက် သတ်မှတ်ထားသော ဦးတည်အုပ်စုများ၊ အသက်၁၈ နှစ်အထက် ဒေသခံပြည်သူများ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီး ဆေးထိုးနှံရန် ကျန်ရှိနေသာ ပြည်သူများအား မိုဘိုင်းလှည့်၍ ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများအရောက် ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ဆေးထိုးစုရပ်များအဖြစ် သတ်မှတ်ထားသည့် မြို့နယ်ပြည်သူ့ဆေးရုံ၊ ကမာကဆစ်အလယ်ကျောင်း ပရိယတ္တိစာသင်တိုက်၊ ဗညားဒလရပ်ကွက်ရှိ နန်းဦးကျောင်းတိုက်၊ မှော်စက်ရပ်ကွက် ဆွမ်းလောင်းဓမ္မာရုံ၊ ကျန်စစ်သားရပ်ကွက် ဆွမ်းလောင်းဓမ္မာရုံ၊ ၁၁/၁၄ ရပ်ကွက် ဓမ္မာရုံ ၊ တံတားချောင်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၊ ပျော်ဘွယ်ကြီးစံပြကျေးရွာရှိ ဘုရားကြီးတန်ဆောင်း၊ ညောင်ပင်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း စသည့် ဆေးထိုးစုရပ်များတွင် ဒေသခံပြည်သူများအား ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။
ဒလမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုတွင် ဒီဇင်ဘာ ၁၅ ရက်နေ့အထိ ပထမအကြိမ် ထိုးနှံမှုတွင် ၇၄၁၅၉ ဦးရှိပြီး၊ ဒုတိယအကြိမ် ထိုးနှံမှုတွင် ၄၃၁၄၀ ဦး ရှိပြီးဖြစ်ကြောင်း၊ လက်ရှိအချိန်၌ ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအား ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
နိုင်လင်းကျော်(IPRD)