ရွှေတိဂုံစေတီတော်ရင်ပြင်တော်ပေါ်ရှိ နောင်တော်ကြီးစေတီတော် လုံးတော်ပြည့် လျှပ်စစ်မီးအဆင့်မြှင့် ထွန်းညှိပူဇော်ခြင်းလုပ်ငန်းနှင့် ရွှေတိဂုံစေတီတော် ကုသိုလ်ဖြစ် ဆေးခန်းအတွက် အလှူငွေများပေးအပ် လှူဒါန်းပွဲကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၁၅

လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်ရင်ပြင်တော်ပေါ်ရှိ နောင်တော်ကြီးစေတီတော် လုံးတော်ပြည့် လျှပ်စစ်မီးအဆင်မြှင့် ထွန်းညှိပူဇော်ခြင်းလုပ်ငန်းနှင့် ရွှေတိဂုံစေတီတော် ကုသိုလ်ဖြစ် ဆေးခန်း အတွက် အလှူငွေပေးအပ်လှူဒါန်းပွဲကို ရင်ပြင်တော်တောင်ဘက်ရှိ၊ ရှေးဟောင်းဗုဒ္ဓရုပ်ပွား တော်များ တန်ဆောင်း၌ ယနေ့နံနက် ၁၁ နာရီကကျင်းပသည်။

ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ပြီး ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့၀င်များ၊ အလှူရှင်မိသားစုနှင့် တက်ရောက်လာကြ သူများက ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ တိပိဋကာလင်္ကာရကျောင်းတိုက် စာချဆရာတော် ဘဒ္ဒန္တတေဇနိယထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။

 ထို့နောက်မန္တလေးမြို့နေ အလှူရှင် ဦးကျောက်+ဒေါ်မိမိ၊ သမီး ဒေါ်အေးကြည်၊ သိရီသုဓမ္မသိင်္ဂီ ဒေါ်မြသိန်းတို့မှ နောင်တော်ကြီးစေတီတော် လုံးတော်ပြည့် လျှပ်စစ်မီးအဆင့်မြှင့် ထွန်းညှိ ပူဇော်ခြင်း လုပ်ငန်းအတွက် အလှူငွေကျပ် သိန်း(၈၆၀) တိတိကို ပေးအပ်လှူဒါန်းရာ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ အလှည့်ကျ သဘာပတိ ဂေါပကအဖွဲ့၀င် ဦးထိန်ဝင်းနှင့် ဂေါပကအဖွဲ့ဝင်ဦးတင်ဝတို့မှလည်းကောင်း၊ ရွှေတိဂုံ စေတီတော်ကုသိုလ်ဖြစ် ဆေးခန်းအတွက် အလှူငွေကျပ် (၄)သိန်း(၅)သောင်း (၄၅၀,၀၀၀/ကျပ်) တိတိကိုပေးအပ် လှူဒါန်းရာ ဂေါပကအဖွဲ့ဝင် ဦးခင်မောင်ဌေးနှင့် ဦးသိန်းထွဋ်မောင်တို့မှ လည်းကောင်း အသီးသီး လက်ခံရယူခဲ့ကြပြီး အလှူရှင်မိသားစုအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ် ကြသည်။

ယင်းနောက်သီလပေးဆရာတော်ထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေး‌ဝေကြပြီး အလှူငွေပေးအပ်လှူဒါန်းပွဲသို့ တက်ရောက် ကြသည့် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင်များ၊ အလှူရှင်မိသားစုများနှင့် တာဝန်ကျ ရုံးဝန်ထမ်းများမှ "ဗုဒ္ဓသာသနံစိရံတိဌတု" သုံးကြိမ်ကိုရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့​​ကြောင်း သိရှိရသည်။

​အောင်မြင့်(ပြန်/ဆက်)