တာလေမြို့၌ ကျောင်းများပြန်လည်ဖွင့်လှစ်မှုနှင့် ပတ်သက်၍ အထက(တာလေ) ကျောင်းအုပ်ဆရာကြီးနှင့် တွေ့ဆုံမေး​မြန်းချက်

တာလေ        ဒီဇင်ဘာ  ၁၆

မေး - တာလေမြို့ရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်၍ သင်ကြားရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေကို သိချင်ပါတယ်ခင်ဗျ။

ဖြေ - ဆရာကြီးတို့ တာလေမြို့ပညာရေးကဏ္ဍအနေနဲ့၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ဇွန်လ (၁)ရက်မှာ ကျောင်းများစတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ ရောဂါ ပိုးကူးစက်ပြန့်ပွားမှု အခြေအနေများကြောင့် ဇူလိုင်လ (၇) ရက်နေ့မှာ ကျောင်းများအားလုံး ယာယီခေတ္တ ပြန်လည်ပိတ်ထားခဲ့ရပါတယ်၊ ကျောင်းများပြန်ဖွင့်ချိန်မှာ ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့ရောဂါကြိုတင်ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများ ၊ အထက်ဌာနက ညွှန်ကြားချက်များနဲ့အညီ ကျောင်းသား/သူများ တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ တန်းစီပြီး အပူချိန်တိုင်းတာတွေ၊ နှာခေါင်းစည်း Mask စနစ်တကျတပ်ဆင်စေပြီး ကျောင်းအတွင်း ဝင်ရောက်စေတာတွေ၊ကျောင်းအဝင်နှင့် စာသင်ခန်းအပြင်မှာ လက်ဆေးဘေစင် ထားရှိပေး တာတွေ ဆောင်ရွက်ထားရှိပါတယ်။

မေး - စာသင်ကျောင်းများဖွင့်လှစ်ပြီး ပညာသင်ကြားနေမှု အခြေအနေများလည်း သိပါရစေခင်ဗျ။

ဖြေ - ကိုဗစ် - ၁၉ ရောဂါကြောင့် ယာယီပိတ်ထားရတဲ့ အခြေခံပညာကျောင်းတွေ ယခု ရောဂါကူးစက်မှုတွေလျော့နည်းနေပြီဖြစ်တာကြောင့် ကျောင်းတွေပြန်လည်ဖွင့်လှစ်ဖို့ ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးတွေပြုလုပ်ပြီး ပိုးသတ်ဆေးတွေဖြန်းတယ်၊ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများကို ကိုဗစ် ရောဂါကာကွယ်ဆေးတွေ ထိုးနှံပေးပြီး ကျောင်းတွေပြန်ဖွင့်ဖို့ ကျောင်းပေါင်းစုံမှ ကျောင်းအုပ်ကြီးတွေ ကြိုတင်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၃၀ ရက်မှာ အထက(တာလေ)ကျောင်းအတွင်းပြုလုပ်ပြီး နိုဝင်ဘာလ (၁)ရက်မှာ ကျောင်းတွေ

ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပါတယ်၊ သင်ကြားမှုအနေနဲ့ နေ့စဉ်နံနက် (၇)နာရီခွဲမှ နေ့လည် (၁၁)နာရီခွဲအထိနှင့် နေ့လည်(၁၂)နာရီခွဲမှ ညနေ (၄)နာရီခွဲအထိ အပိုင်းနှစ်ပိုင်းခွဲပြီး ကျောင်းအုပ်ကြီးများက အနီးကပ်ကြီးကြပ်ပြီး ဆရာဆရာမများက မိမိဘာသာရပ်အလိုက် တာဝန်ယူသင်ကြားပေးနေပါတယ်။

 

မေး - ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ကျောင်းဝင်းအတွင်း ကျောင်းသား/သူများအတွက် ကျောင်းကချမှတ်ထားတဲ့ စည်းကမ်းချက်များကိုလည်း သိလိုပါတယ်ခင်ဗျ။

ဖြေ - ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထူးစီမံချက်ကာလဖြစ်တဲ့အတွက် ကျောင်းဖွင့်လှစ်နေချိန်မှာကျောင်းအတွင်း မုန့်ဆိုင်တွေဖွင့်လှစ်ခွင့် ပိတ်ထားပါတယ်၊ ကျောင်းသားများ ကျောင်းကိုရောက်လာရင် လက်ဆေးဘေစင်တွေချထားပေးပြီး လက်ကို ဆေးကြောစေပြီး ကိုယ်အပူချိန်တိုင်းပေးပါတယ်၊ နှာခေါင်းစည်း Mask တွေ စနစ်တကျ တပ်ဆင်စေပါတယ်၊ တပ်ဆင်လာခြင်းမရှိတဲ့သူတွေကို တပ်ဆင်ပေးပြီးမှသာကျောင်းအတွင်း ဝင်ရောက်စေပါတယ်၊ စာသင်ခန်းအပြင်မှာ လက်ဆေးဘေစင်တွေချထားပေးပြီးကျောင်းခန်း အတွင်း စာသင်ခုံများကို တစ်ဦးနှင့်တစ်ဦး(၅)ပေခြား နေရာချထားပြီး ပညာသင်ကြား ပေးနေပါတယ်။

မေး - ကျောင်းဝင်းအတွင်း လူစုလူဝေးမဖြစ်အောင် ဆောင်ရွက်ထားရှိမှုလည်း သိပါရစေခင်ဗျ။

ဖြေ - ကျောင်းဝင်းအတွင်း စာသင်ခန်းပြင်ပ အားလပ်ချိန်များမှာ ကျောင်းသား/သူများ လူစုလူဝေးမဖြစ်အောင်ဆရာဆရာမများကို နေ့စဥ်တာဝန်ချထားပြီး စောင့်ကြည့်တာတွေ စီမံဆောင်ရွက်ထားပါတယ်။

မေး - အခြေခံပညာကျောင်း ပြန်လည်ဖွင့်လှစ်ချိန် ကျောင်းအရေအတွက် တက်ရောက် ပညာသင်ကြားနေတဲ့ ကျောင်းသားအရေအတွက် ကျား/မ မြို့ချုပ်စာရင်းကိုလည်း သိလိုပါတယ် ခင်ဗျ။

ဖြေ - တာလေမြို့အတွင်း မြို့ချုပ်အနေနဲ့ အခြေခံပညာကျောင်းပေါင်း (၃၀)ရှိပြီး လက်ရှိ ဖွင့်လှစ်နိုင်သည့်ကျောင်း (၂၆)ကျောင်းနှင့် မဖွင့်လှစ်နိုင်သည့်ကျောင်း(၄)ကျောင်း ရှိပါတယ်၊ ကျောင်းသားအရေအတွက်ကတော့ ကျား(၈၈၀)ဦး ၊ မ (၉၉၉)ဦး ၊ပေါင်း (၁၈၇၉)ဦးရှိပြီး ယခုတက်ရောက်ပညာသင်ကြားနေတဲ့ ကျောင်းသားမှာ ကျောင်းပေါင်းစုံမှ ကျား (၄၁၉)ဦး

၊မ (၄၄၂)ဦး ၊ ပေါင်း (၈၆၁)ဦး တက်ရောက် ပညာသင်ကြားနေပါတယ်။

မေး - ကျောင်းများပြန်လည်ဖွင့်လှစ်ခြင်းနှင့် ပတ်သက်ပြီး ဆရာကြီးအနေနဲ့ အကြံပြု ပြောကြားလိုတာရှိရင်လည်း ပြောကြားပေးပါခင်ဗျ။

ဖြေ - ဆရာကြီးအနေနဲ့ ပြောကြားချင်တာကတော့ ယခုဟာ ကိုဗစ် ရောဂါကူးစက်မှုတွေ လျော့နည်းလာပြီဖြစ်သော်လည်း ကူးစက်မှုများ ရပ်တန့်သွားခြင်း မရှိသေးတာကြောင့် ဒေသဆိုင်ရာအဖွဲ့အစည်းများက ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းဆောင်ရွက် နေချိန်မှာ အများပြည်သူများ၊ ကျောင်းသားမိဘများ၊ ဆရာဆရာမများနှင့် ကျောင်းသား/ သူများအားလုံး ရောဂါကြိုတင်ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများအတိုင်း စနစ်တကျ လိုက်နာဆောင်ရွက်ကြစေလိုပါတယ်၊ တဆက်တည်းမှာ ရောဂါပိုးကူးစက်မှုများ ဖြစ်ပေါ်လာပါက ရောဂါပိုးတွေ့လူနာ၏ အနီးပတ်ဝန်းကျင် အနီးအနားက ဖြတ်သန်း သွားလာတာတွေ မရှိအောင် လမ်းကိုပိတ်ဆို့ ဖြတ်တောက်ထားဖို့နဲ့ ယခုအချိန် မည်သည့်အကြောင်းကြောင့်ဖြစ်စေ ဖျားနာတာတွေရှိပါက သက်ဆိုင်ရာ ကျန်းမာရေးဌာနသို့ ပြသပြီး ဆေးကုသမှုတွေ စနစ်တကျခံယူပြီး ကျန်းမာရေးပြန်လည် ကောင်းမွန်လာမှသာ နေအိမ်ပြင်ပ ထွက်ခွာကြရန်နှင့် ကျောင်းသို့ပြန်လည် တက်ရောက်ကြဖို့ လိုက်နာဆောင်ရွက်

ပေးစေလိုပါတယ်၊ဒီလိုလိုက်နာဆောင်ရွက်လျင်မိမိရပ်ရွာမှာဖြစ်စေ၊စာသင်ကျောင်းမှာဖြစ်စေ ရောဂါကူးစက်မှု ကျဆင်းစေမှာဖြစ်သည့်အတွက်ပညာကို ကောင်းမွန်စွာသင်ကြားသင်ယူနိုင်

မှာဖြစ်သလို ယခုကျောင်းတွေပြန်ဖွင့်ချိန်မှာ ကျောင်းသား/သူများအနေနဲ့ ပညာသင်ချိန်မှာ ပညာကိုလာရောက် သင်ယူကြစေချင်ပါတယ်၊ ယခုအခြေခံပညာကျောင်းတွေလည်း ပုံမှန်ပြန်ဖွင့်လှစ်ပြီး ပညာသင်ကြားပေးနိုင်တဲ့အတွက် ဝမ်းသာမိပါတယ်။

တွေ့ဆုံမေးမြန်းသူ-အောင်ကျော်မိုး (ပြန်/ဆက်)