ရန်ကုန် ဒီဇင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို ဘက်စုံထောင့်စုံမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့အချိန်၌ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်းမှာ သိသိသာသာ လျော့နည်းကျဆင်းလာခဲ့ပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံခဲ့ရာမှာ ပြန်လည်ကျန်းမာလာသူတစ်ဦး၏ ရင်တွင်းဝမ်းသာပီတိစကားသံကိုလည်း အများပြည်သူများ သိရှိစေဖို့အတွက် ဖော်ပြပေးလိုက်ရပါသည်။
ကျွန်တော်ကတော့ မောင်ရဲထက်နိုင်ပါ။ ယခုလက်ရှိ တာမွေမြို့နယ် တာမွေကြီး(ခ)ရပ်ကွက် မချစ်တီးလမ်းရှိ နေအိမ်မှာ အဘွားဖြစ်သူနဲ့ အတူနေထိုင်တာပါ။ ကျွန်တော်လွန်ခဲ့တဲ့ ဩဂုတ်လ(၁၃)ရက်နေ့က အနံ့ပျောက်သွားခဲ့ပါတယ်။ ဘာနံ့မှကို မရဖြစ်ခဲ့တာပါ။ ဩဂုတ်လ(၁၄)ရက်နေ့ နံနက်အိပ်ရာထချိန်မှာတော့ ကိုယ်တွေအရမ်းပူနေပြီး အဖျားတွေ တက်လာခဲ့ပါတယ်။ အဲဒါနဲ့ပဲ မြို့နယ်ကြက်ခြေနီအသင်းခွဲကဖွင့်တဲ့ အခမဲ့ဆေးခန်းမှာ သွားပြခဲ့ပါတယ်။ ဆေးခန်းက ကျွန်တော်မှာ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးခဲ့ပါတယ်။ နောက်နေ့မနက် (၉)နာရီလောက်မှာ ဆေးခန်းကနေ ဖုန်းဆက်လာပါတယ်။ ကျွန်တော့်မှာ ကိုဗစ်-၁၉ရောဂါပိုးရှိတယ်ဆိုပြီး ပြောပါတယ်။ ကျွန်တော် စိတ်ဓာတ်တွေကျပြီး မျက်ရည်က အလိုလိုဝဲလာခဲ့ပါတယ်။ နောက်ဆုံမှာ ဘာလုပ်လို့၊ ဘာကိုင်ရမလဲမသိ ဆောက်တည်ရာမရဖြစ်ပြီး အတွေးပေါင်းစုံဝင်လာခဲ့ပါတယ်။ ကိုဗစ်ရောဂါက တစ်ချို့လူတွေ ပြောသလို ကူးစက် ခံရတာနဲ့ သေတယ်လို့ ကြားဖူးတော့ ကြောက်ကြောက်နဲ့ နောက်ဆုံး ငိုချလိုက်ပါတော့တယ်။ နောက်နေ့မှာ ရပ်ကွက်က တည်ထောင်ထားတဲ့ အနှိုင်းမဲ့မေတ္တာ လူမှုကူညီရေးအသင်းကားနဲ့ ကျွန်တော့်ကို ကိုဗစ်-၁၉ရောဂါ ကုသရေးစင်တာကို ပို့ဆောင်ပေးခဲ့ပါတယ်။ အဲစင်တာရောက်တော့ ကျွန်တော်လို ကိုဗစ်ကူးစက်ခံရလို့ ရောက်လာတဲ့ လူပေါင်းစုံကိုမြင်ပြီး အသိတစ်ခုဝင်လာခဲ့ပါတယ်။ အဲဒါက ဘာလည်းဆိုတော့ ဒီရောဂါက အသက်ငယ်ငယ်၊ကြီးကြီး ကူးစက်ခံရနိုင်တယ်ဆိုတာ သိလာပါတယ်။ ကိုဗစ်ကုသရေးစင်တာမှာရှိတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ၊ စေတနာ့ ဝန်ထမ်းတွေက ကျွန်တော်တို့ကို နွေးနွေးထွေးထွေးနဲ့ မိသားစုသဖွယ် ကြိုဆိုတာမြင်ရတော့ ကျွန်တော့်ရင်ထဲ မျက်ရည်ဝဲလာတဲ့အထိကို ဝမ်းသာပီတိဖြစ်ခဲ့ပါတယ်။ နောက်ပြီး ကိုဗစ်ကုသရေးစင်တာတွေမှာ နိုင်ငံတော်အစိုးရ ကလည်း ကျွန်တော်တို့လို ကိုဗစ်-၁၉ ရောဂါသည်တွေ အစစ၊ အရာရာ အဆင်ပြေစေဖို့အတွက် နေရေး၊ ထိုင်ရေး၊ စားသောက်ရေးနဲ့ ကျန်းမာရေးအတွက်စလို့ လိုလေသေးမရှိ ထောက်ပံ့ကူညီမှုတွေ ဆောင်ရွက်ပေးထားတာကိုလည်း ကျွန်တော်ကိုယ်တိုင် ကြုံတွေ့ခဲ့ရပါတယ်။ အဲအတွက်လည်း နိုင်ငံတော်အစိုရအပါအဝင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းတွေမှာ လူသား၊ငွေအားနဲ့ အဘက်ဘက်မှ ကူညီဆောင်ရွက်ပေးခဲ့ကြသူတွေကို ဒီနေရာကနေ ကျေးဇူးအများကြီးတင်ရှိပါတယ်လို့ ပြောချင်ပါတယ်။ ကျွန်တော်ကုသရေးစင်တာမှာ အပြင်နဲ့မတူတဲ့ အသိတစ်ခုကို သိရှိခဲ့ပါတယ်။ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူတိုင်း မသေနိုင်ဘူးဆိုတာပါပဲ။ အဲဒီအခါမှာ ကျွန်တော့်ကိုယ်ကျွန်တော် စိတ်ဓာတ်တွေပြန်ပြီး မြှင့်တင်ခဲ့ပါတယ်။ “ ငါဒီရောဂါကပ်ဆိုးကြီးကို နိုင်အောင်တိုက်မယ် ” ။ အဲအတွက်လည်း ကျွန်တော်ကုသရေးစင်တာမှာရှိတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေရဲ့ လမ်းညွှန်မှုအတိုင်း အချိန်မှန်မှန် အိပ်တယ်။ အာဟာရပြည့်ဝအောင် စားတယ်။ ကိုယ်ကာယ လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်တယ်။ အဲလိုနဲ့ပဲ ဩဂုတ်လ(၃၀)ရက်နေ့မှာ ကျွန်တော်နောက်တစ်ကြိမ် ကိုဗစ်ရောဂါပိုးရှိ/မရှိ ထပ်မံစစ်ဆေးခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော့်ရင်ထဲက အကြား ချင်ဆုံးစကားကို ကြားသိခဲ့ပါတယ်။ အဲဒါကတော့ ကျွန်တော့်မှာ ကိုဗစ်ပိုးမရှိတော့ဘူးဆိုတာပါပဲ။ အဲချိန်ဟာ ကျွန်တော့်ဘဝအတွက် အပျော်ဆုံးအချိန်တစ်ခုပါ။ ဘာလို့လဲဆိုတော့ ကျွန်တော့်မှာ ကိုဗစ်ရောဂါပိုး မရှိတော့ဘူး။ ကျွန်တော်အရမ်းချစ်တဲ့ အဘွားနဲ့အတူ ပြန်နေရတော့မယ်။ ကျွန်တော့်မှာ အရင်က မျှော်မှန်းထားတဲ့ ရည်မှန်းချက်အတွက် ကြိုးစားဖို့ အခွင့်အလမ်းလည်း ပြန်လည်ပြီး ရှိလာခဲ့ပါပြီဆိုတဲ့ အတွက်ကြောင့်ပါ။ နောက်ဆုံးတစ်ခုအနေနဲ့ ကျွန်တော်ပြောချင်တာက မိဘပြည်သူတွေအနေနဲ့လည်း အပြင်ထွက်တိုင်း ပါးစပ်/နှာခေါင်းစည်း ( Mask )ကို စနစ်တကျ တပ်ကြပါ။ နေအိမ်ပြင်ပမှ ပြန်လာသည့် အခါတိုင်းနှင့် အရာဝတ္ထုများ ကိုင်တွယ်ပြီးတိုင်း လက်ကို လက်သန့်ဆေးရည် (သို့) လက်ဆေးဆပ်ပြာနှင့် စက္ကန့်(၂၀)ကြာ စနစ်တကျ ဆေးကြောကြပါ။ တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ ပြောဆိုဆက်ဆံကြပါ။ အာဟာရပြည့်ဝအောင်စားပါ။ အိပ်ရေးဝဝအိပ်ပါ။ ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းတွေကို နေ့စဉ်ပုံမှန် ပြုလုပ်ကြပါ။ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ နေထိုင်စားသောက်ကြပါ။ ယခုဆိုရင် နိုင်ငံတော်အစိုးရကနေ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးတွေကို လူမျိုးဘာသာမရွေး၊ လူတန်းစားမရွေး အခမဲ့ ထိုးနှံပေးနေပြီဖြစ်တဲ့အတွက် အမြန်ဆုံး ကာကွယ်ဆေး သွားရောက် ထိုးနှံကြဖို့ကိုလည်း တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ် ခင်ဗျာ။
နိုင်လင်းအောင်