နမ့်ခမ်း ဒီဇင်ဘာ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၌ ကိုဗစ်-၁၉ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် (Omicron) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာ ကွယ်ရေးလုပ်ငန်းများတွင် ဒေသခံပြည်သူများက ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် (၉) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်းသို့ Hand Speaker ဖြင့် လှည့်လည်နှိုးဆော်ခဲ့သည်။
ယင်းသို့ နှိုးဆော်မှုဆောင်ရွက်ရာတွင် အိုမီခရွန် (Omicron) မျိုးကွဲသစ်သည် မူလ ကိုဗစ်-၁၉နှင့် လုံးဝမတူတော့ခြင်း၊ လက်ရှိကာကွယ်ဆေးများကို ထိရောက်မှု လျော့ကျနိုင်စေခြင်း၊ ယခင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ဖူးသူများလည်း ထပ်မံဖြစ်ပွားနိုင်ခြင်း၊ ရောဂါကူးစက်မှု ပိုမိုမြန်ဆန်ခြင်းတို့ကြောင့် ဒေသခံပြည်သူများအနေဖြင့် ပြင်ပမှလာရောက်သည့် ဧည့်သည်များကို လက်မခံရန်၊ အခြားသူများထံသွားရောက်ခြင်း မပြုကြရန်၊ အပြင်ထွက်ပါက ပါးစပ်နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်၍ သွားလာကြရန်၊ လက်ကို မကြာခဏဆပ်ပြာနှင့် စနစ်တကျစက္ကန့်(၂၀)ကြာ ဆေးကြောရန်၊ လူထူထပ်သည့် နေရာများသို့ သွားရောက် ခြင်းမှ ရှောင်ကြဉ်ရန်၊ နှာခေါင်းစည်း(Mask) မတပ်ဆင်ထားသော သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ကြရန်နှင့် မိမိအနေဖြင့် ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာန၏ လမ်းညွှန်ချက်အတိုင်း တိကျစွာလိုက်နာကြရန်၊ မိဘပြည်သူများအားလုံး ကိုဗစ်-၁၉ရော ဂါပိုး ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို စနစ်တကျလိုက်နာ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်တို့ကို ထည့်သွင်းဆော်ဪပေးခဲ့ကြောင်း သိရသည်။
အဆိုပါ နှိုးဆော်မှုလုပ်ငန်းများကို နမ့်ခမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်များအတွင်းသို့ လှည့်လည်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဆိုင်ထွန်း (နမ့်ခမ်း)