မန်ကန် ဒီဇင်ဘာ ၁၆
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာပေချစ်မြတ်နိုးသူများ အသင်း (Book club)တို့ ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မန်ကန်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်နန်းအေးအေးအောင်က စာပေချစ်မြတ်နိုးသူများ အချင်းချင်း စာဖတ်သူအကြိုက် စာအုပ် များဖြင့် စာဖတ်ဝိုင်းများကို ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ လစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်နန်းအေးအေးအောင်က စာရေးဆရာ သုတေသီ ဘုန်းမြင့်သွေး၏ ``လောကကြီးကို အရှုံးမပေးနှင့်´´ စာအုပ်မှ `လောကကို အရှုံးမပေးနှင့်´ ဆိုသည့် ခေါင်းစဉ်ဖြင့် ဦးဆောင် ဆွေးနွေးရာ Book Club အဖွဲ့ဝင် ဒေါ်ထွေးခင်က `လောကကြီးကို ရင်ဆိုင်ရဲသောသတ္တိ´ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အဖွဲ့ဝင် ဒေါ်ခိုင်မွန်ဦးက `ဘဝကိုစာဖြင့်တည်ဆောက်´ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အဖွဲ့ဝင် ဒေါ်အေးကပ်က `ဘဝတိုက်ပွဲကို သည်းခံစိတ်ရှည်´ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ သုတ၊ ရသ စာအုပ်၊ စာစောင်များ ပြသထားရှိမှုကိုလည်း စာပေချစ်မြတ်နိုးသူများမှ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
မန်ကန် (ပြန်/ဆက်)