မိုင်းငေါ့မြို့ တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲကျင်းပပြုလုပ်

မိုင်းငေါ့ ဒီဇင်ဘာ ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲ ခရိုင်၊ မိုင်းငေါ့မြို့တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြို ဟောပြောပွဲကို ယမန်နေ့နံနက် (၁၀) နာရီ အချိန်က မိုင်းငေါ့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန Community Centre ရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က ကျောင်း သား/သူ လူငယ်လူရွယ်လေးများ နေ့ထူးနေ့မြတ် နေ့ရက်များကို အစဉ်အမြဲ သတိရနေစေရန်၊ လွတ်လပ်ရေး နေ့ဖြစ်ပေါ်လာပုံကို သိရှိလာစေရန် ရည်ရွယ်၍ ယခုလိုဟောပြောပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး၊ မိုင်းငေါ့ အ.ထ.က ကျောင်းမှ အထက်တန်းပြ ဆရာမ ဒေါ်နန်းထွေးလင်းကြည့်က လွတ်လပ်ရေးဆိုတဲ့အဓိပ္ပါယ်၊ ဆရာ ဦးဟိန်းသူအောင်က လွတ်လပ်ရေးနေ့သမိုင်းကြောင်း စသည့် အကြောင်းအရာများကို ဟောပြောဆွေးနွေးခဲ့သည်။

ထို့နောက် ဟောပြောပွဲတို့တက်ရောက်လာကြသော ကျောင်းသား/သူလေးများမှ သိရှိလိုများကိုပြန်လည် ဆွေးနွေးမေးမြန်းခဲ့ကြသည်။ အဆိုပါဟောပြောပွဲ အခမ်းအနားသို့ မိုင်းငေါ့မြို့ အခြေခံပညာ အထက်တန်း ကျောင်းမှ ဆရာ/ဆရာမနှင့် ကျောင်းသား/သူ (၁၉) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြင့်သွယ် (မိုင်းငေါ့ ပြန်/ဆက်)