နောင်ချို ဒီဇင်ဘာ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ဗီဇမျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များ အတွင်း လှည့်လည် နှိုးဆော်လျက်ရှိကြောင်း သိရသည်။
ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန် ကူးစက်ပျံ့နှံ့မှု သည် ရက်ပိုင်းအတွင်း နိုင်ငံအရေအတွက် ပိုမိုများပြားလာခြင်း၊ အိုမီခရွန်မျိုးကွဲသစ်သည် မူလကိုဗစ်-၁၉ နှင့် လုံးဝမတူတော့ခြင်း၊ လက်ရှိကာကွယ်ဆေးများ၏ ထိရောက်မှုလျော့ကျ နိုင်ခြင်း၊ ယခင်ကိုဗစ်-၁၉ ရောဂါဖြစ်ဖူးသူများလည်း ထပ်မံဖြစ်ပွားနိုင်ခြင်းနှင့် ရောဂါကူးစက်မှု ပိုမိုမြန်ဆန်ခြင်းတို့ကြောင့် ပြည်သူလူထုအနေဖြင့် ပြင်ပမှဧည့်သည်များ လက်မခံပါရန်နှင့်အခြားသူများထံ သွားရောက်ခြင်း မပြုရန်၊ တတ်နိုင်သမျှ အိမ်မှာနေရန်၊ အပြင်ထွက်တိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်၍ သွားလာကြရန်၊ လက်ကိုမကြာခဏ ဆပ်ပြာနှင့်စနစ်တကျ စက္ကန့် (၂၀) ကြာ ဆေးကြော ကြရန်၊ လူထူထပ်သော နေရာများသို့ သွားရောက်ခြင်း မှရှောင်ကြဉ်ရန်၊ နှာခေါင်းစည်း (Mask) မတပ်ဆင်ထားသောသူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အကြိမ်ပြည့် ထိုးနှံရန်၊ ကာကွယ်ဆေးထိုးနှံပြီး သော်လည်း ကာကွယ်ရေး နည်းလမ်းများကို ဆက်လက်လိုက်နာကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်း လမ်းညွှန်ချက်များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်ကြရန်၊ တတ်နိုင်သမျှ ပြည်သူအားလုံး ပူးပေါင်းဆောင်ရွက်ကြရန် စသည့်အသိပညာပေးလုပ်ငန်းများကို လှည့်လည် အသိပေး နှိုးဆော်ခဲ့ကြသည်။
ထွေးငယ်၊ (ပြန်/ဆက်)