နောင်ချို ဒီဇင်ဘာ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Centre) ၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ပုံတူပန်းချီပြိုင်ပွဲ ကို ယနေ့နံနက် (၉) နာရီအချိန်က ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းထွေးက ပုံတူပန်းချီပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီး အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းသား၊ ကျောင်းသူများက ပုံတူပန်းချီပြိုင်ပွဲ၌ ပါဝင် ယှဉ်ပြိုင်ရေးဆွဲခဲ့ကြသည်။ ပြိုင်ပွဲများအပြီးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် အကောင်းဆုံး ယှဉ်ပြိုင်နိုင်သူ (၃) ဦးတို့ကို ဂုဏ်ပြုဆုနှင့် အမှတ်တရလက်ဆောင်များ ချီးမြှင့်ပေးအပ်ခဲ့ပြီး အာဟာရအဖြစ် ကွေကာနှင့် မုန့်များ ကျွေးမွေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နောင်ချိုမြို့နယ်ရုံးအနေဖြင့် Online မှတဆင့် အသိပညာပေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက် ရှိသည့်အပြင် Talk Show ဆွေးနွေးပွဲများ၊ စာဖတ်ဝိုင်းများ၊ ပြိုင်ပွဲများကို ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထွေးငယ်၊ (ပြန်/ဆက်)