မော်လမြိုင် ဒီဇင်ဘာ ၁၆
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ငါးလုပ်ငန်း ဦးစီးဌာနသည် ခရိုင်အတွင်း ငါးသယံဇာတ တိုးပွားရေး၊ ငါးရိက္ခာဖူလုံရေး၊ ပြည်သူများ ငါးစားသုံးမှု မြင့်တတ်လာစေရေး၊ ငါးလုပ်ငန်းကို အခြေခံ၍ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ အလုပ်အကိုင် အခွင့်အလမ်းများ မြင့်မားလာစေရန် ရည်ရွယ်ချက်များဖြင့် ငါးမျိုးများစိုက်ထည့်ခြင်းကို နှစ်စဉ်ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက် ၉ နာရီက မော်လမြိုင်မြို့၊ ရွှေမြိုင်သီရီရပ်ကွက်၊ မျှော်လင့်ကူတို့ဆိပ် တံတားမှ အထ္ထရံမြစ်အတွင်းသို့ ငါးမြစ်ချင်း ငါးသားပေါက်များ စိုက်ထည့်ပေးကြောင်း သိရသည်။
အဆိုပါ ငါးမျိုးများ စိုက်ထည့်ပွဲသို့ မော်လမြိုင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ယု ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးလှမင်းဇော်နှင့် ဝန်ထမ်းများ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
အဆိုပါငါးမျိုးများ စိုက်ထည့်ပွဲတွင် ငါးလုပ်ငန်းစခန်း(သထုံ)မှ ထုတ်လုပ်သော (၂)လက်မ အရွယ်အစားရှိ ငါးမြစ်ချင်း ငါးသားပေါက် ကောင်ရေ တစ်သိန်းအား အထ္ထရံမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့် ပေးခဲ့ကြကြောင်း သိရသည်။
ဇာဖြူဝင်း