ငါ့သရောက်ပြန်/ဆက် လူထုအခြေပြုဗဟိုဌာန(Community Centre) တွင် အိမ်ရှင်မများအတွက် ဆပ်ပြာရည် ပြုလုပ်နည်း သင်တန်းဖွင့်လှစ်

ငါ့သရောက် ဒီဇင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမျိုးသမီးများ အိမ်တွင်းမှုလုပ်ငန်းအဖြစ် တစ်ပိုင်တစ်နိုင် လုပ်ကိုင်အသုံးပြုတတ်စေရန်အတွက် ဆပ်ပြာရည် ပြုလုပ်နည်းသင်တန်းကို ယမန်နေ့  မွန်းလွဲ(၁)နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြုလုပ်ခဲ့ကြောင်းသိ ရသည်။

အဆိုပါ အိမ်းတွင်းမှုလုပ်ငန်းဖြစ်သည့် ဆပ်ပြာရည်ပြုလုပ်နည်းသင်တန်းကို မြို့ဦးစီးမှူး ဒေါ်အေးအေးမိုးမှ ဦးဆောင်၍ မြို့ပေါ်ရပ်ကွက်များဖြစ်သည့် အမှတ်(၂)ရပ်ကွက်မှ  စိတ်ပါဝင်စားသူ အိမ်ထောင်ရှင် အမျိုးသမီးများ တက်ရောက်ခဲ့ကြပြီး၊ သင်တန်းနည်းပြ ဆရာမ ဒေါ်ဆန်းဆန်းမြင့် က ဆပ်ပြာရည်ပြုလုပ်နည်း လုပ်ငန်းအဆင့်ဆင့်နှင့် ထည့်သွင်းအသုံးပြုရမည့် ကုန်ကြမ်းပစ္စည်းများ၏ အချိုးအစားကို ရှင်းလင်းပြောကြား ပြီး လက်တွေ့စုပေါင်း လုပ်ဆောင်ကြသည်။

အဆိုပါ ဆပ်ပြာရည်ကို မီးဖိုးချောင်သုံးအဖြစ် ပုဂံခွက်ရောက် ဆေးကြောသန့်စင်ရာတွင်လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လက်ဆေးဘေစင်များတွင်ထားရှိ၍ လည်းကောင်း အသုံးပြုနိုင်ကြောင်းနှင့် မိသားစုအပိုဝင်ငွေ ရရှိစေရန်လည်း တစ်ပိုင်တစ်နိုင် ပြုလုပ်ရောင်းချနိုင်ကြောင်း သင်တန်းနည်းပြ ဆရာမဒေါ်ဆန်းဆန်းမြင့်က ပြောပါသည်။ အဆိုပါ ဆပ်ပြာ ရည်ပြုလုပ်နည်းသင်တန်းမှ ရရှိလာသည့် ဆပ်ပြာရည်ဘူးများကို သင်တန်းတက်ရောက် လေ့လာသူများအား မြို့ဦးစီးမှူး ဒေါ်အေးအေးမိုး က လက်ဆောင်အဖြစ် ပြန်လည်မျှဝေပေးခဲ့ကြောင်း သိရသည်။

ဖြိုးဝေ (ပြန်/ဆက်)