လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများ ကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၁၆

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်အတွင်းရှိ ကျောင်းများတွင် လွတ်လပ်ရေးနေ့ အကြို အားကစား ပြိုင်ပွဲများကို အထက(၁)၊ အထက(၂)၊ အထက(၃)၊ အထက(၄)ကျောင်းနှင့် ကျီစု ကျောင်းတို့တွင် ယမန်နေ့တွင် ကျင်းပခဲ့ကြောင်း သိရပါသည်။

အဆိုပါ အားကစားပြိုင်ပွဲကို ပညာရေးဌာန၏ ဦးဆောင်မှုဖြင့် ကျောင်းကော်မတီ၀င်များ၊ ကျောင်းသားမိဘများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရပါသည်။

ကျောင်းအလိုက် ကျောင်းနေပျော်၍ ကျောင်းလာချင်ကြပြီ၊ လာမြန်မြန်ကျောင်းကိုသွားမယ် သားတို့ရေ ပျော်စရာကောင်းတယ်၊ ကစားကြမယ်၊ ဆုတွေလဲစုံသကွယ်၊ သားသားကျောင်းကို သွားချင်တယ် မီးမီးလည်း ကစားမယ် ခေါင်းစဉ်များဖြင့် ကစားနည်းမျိုးစုံ ကစားခဲ့ကြပြီး ဆုများလည်း ပေးအပ်ခဲ့ကြသည်။ အထက(၃) ကျောင်းအုပ်ကြီးမှ ရခိုင်မုန့်တီဖြင့် ကလေးများကို ကျွေးမွေးခဲ့ပြီး၊ ကျီသစ်ကျောင်းမှလည်း နို့ဆန်ပြုတ်များ ကျွေးမွေးခဲ့ကြကြောင်း သိရပါသည်။

ကျောင်းသား/သူများသည် ကျောင်းနေပျော်ပြီး ကျန်းမာကြံ့ခိုင်သော ကလေးများ ပေါ်ထွန်းစေရန် ရည်ရွယ်၍ လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများ ကျင်းပပေးရခြင်းဖြစ်ကြောင်းကို မြို့နယ်ပညာရေးမှူး ဒေါ်အေးမာလွင်ထံမှ သိရပါသည်။

လဲ့လဲ့