ကျောက်ဆည် ဒီဇင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် (၉) နာရီခွဲက အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရ သည်။
ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာအုပ်၊စာပေဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုသုတများ ကြွယ်ဝစေပြီး စဉ်းစားတွေးခေါ်မှုအသိဉာဏ်များ ပိုမိုရင့်သန် လာမှာဖြစ်ကြောင်း ထို့ကြောင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတများ ရရှိစေရန်အတွက် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် ခရိုင်ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက စာအုပ်၊စာပေများ ဖတ်ရှုရခြင်းဖြင့် ယဉ်ကျေး သိမ်မွေ့သောစိတ်ထားများ ရရှိစေမည့်အပြင် ဘဝတွင်အောင်မြင်မှု ရရှိသွားသူများ အကြောင်း အသီးသီး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရ သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဗွီနိုင်းပိုစတာများအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
သက်မောင် (ကျောက်ဆည်)