ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ဌာနဆိုင်ရာရုံးများ၌ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ဒဂုံတောင် ဒီဇင်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် ပြည်သူများ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုညဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့်အမှန် ဝေဖန်ပိုင်းခြား တတ်စေရန်နှင့် စာဖတ်သည့် အလေ့အထများ ရရှိစေရန် ရည်ရွယ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဌာနဆိုင်ရာများသို့ စာအုပ်စာစောင်များအား နယ်လှည့်ကွင်းဆင်း ငှားရမ်းပေးလျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက် ၁၁ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက သုတ/ရသ စာအုပ်ပေါင်း (၅၀) ကို သယ်ဆောင်၍  လူမှုဝန်ထမ်း ဦးစီးဌာနသို့ နယ်လှည့်စာကြည့်တိုက်အဖြစ် ကွင်းဆင်းဆောင်ရွက်ကာ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ရုံးအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း စာကြည့်တိုက်သို့ မလာနိုင်သည့် စာဖတ်ပရိသတ်များနှင့် ကလေးငယ်များအတွက် Online မှတဆင့် ပုံပြင်ပြောခြင်း၊ စာအုပ်မိတ်ဆက်ခြင်းနှင့် အသိပညာပေး Talk Show အစီအစဉ်များ ရိုက်ကူးတင်ဆက်ပေးခြင်းတို့အပြင် စာဖတ်ပရိသတ် လက်ဝယ်အရောက် စာအုပ်၊စာစောင်များ ငှားရမ်းပေးလျက်ရှိကြောင်း သိရှိရသည်။

သန်းသန်းအေး