မိုးညှင်း ဒီဇင်ဘာ ၁၆
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် တစ်ကြိမ်တစ်ခါမှ မထိုးနှံရသေးသည့် အသက်(၁၈)နှစ်နှင့် အထက်ပြည်သူများကို မိုဘိုင်းစနစ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ ကွင်းဆင်းဆောင်ရွက် ပေးခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မိုးညှင်းမြို့နယ် နန်းမားမြို့အတွင်းရှိ လယ်မှီးကျေးရွာ အုပ်စုမှ လယ်မှီးကျေးရွာ၊ ကွင်းကြီးကျေးရွာ၊ ကန်ကုန်းကြီးကျေးရွာ၊ ကျွန်းပင်သာကျေးရွာ၊ နန်းမားကြီးကျေးရွာနှင့် အင်ကြင်းကုန်းကျေးရွာများတွင် တစ်ကြိမ်တစ်ခါမှ မထိုးနှံရသေးသည့် အသက်(၁၈)နှစ်နှင့် အထက်ကျေးရွာနေပြည်သူများကို ပထမအကြိမ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါ်ဖြူဖြူထွေးဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့ဝင် များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်း၍ အမည်စာရင်းရေးသွင်းခြင်း၊ ပါးစပ်နှာခေါင်းစည်း မပါလာသူများကို ပါးစပ်နှာခေါင်းစည်းများဝေငှပေးခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့် Sinopharm ကာကွယ်ဆေးကို စနစ်တကျထိုးနှံပေးခဲ့သည်။
ထိုကာကွယ်ဆေးထိုးနှံပေးရာတွင် ကျေးရွာများမှ ပြည်သူစုစုပေါင်း(၃၁၀)ဦးတို့ကို ထိုးနှံပေးခဲ့ပြီး အဆိုပါ ကာကွယ်ဆေးထိုးနှံပြီးသူများကို ဒုတိယအကြိမ်အနေဖြင့် ဇန်နဝါရီလ (၁၄)ရက်နေ့တွင် ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
ဇွဲသူရအောင်