ဗဟန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ

ရန်ကုန် ဒီဇင်ဘာ ၁၅

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်း၊ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ဆက်လက်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက်၊ ကာကွယ်ဆေးများကို ဦးစားပေး ဦးတည်အုပ်စုများအလိုက် ပြည်သူများအား ဒုတိယ အကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းနှင့် အသက် ၁၈နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျင်ရှိရာ၊ ကာကွယ်ဆေးထိုးနှံရာတွင် အကြောင်း အမျိုးမျိုးကြောင့် ကျန်ရှိနေကြသည့် နိုင်ငံဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ စေတနာ့ ဝန်ထမ်းများနှင့် အများပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဗဟန်းမြို့နယ်၊ ကြားတောရ လမ်းရှိမဂ်လာစျေးဓမ္မာရုံနှင့် အလုပ်သမားဓမ္မာရုံတို့တွင်  ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံဆောင်ရွက် ပေးလျက်ရှိသည်။

အဆိုပါကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင်လည်း ကာကွယ်ဆေး လာရောက်ထိုးနှံကြသူများကို ကျန်းမာရေးဝန်းထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက သွေးအတွင်းအောက်ဆီဂျင် လည်ပတ်မှုနှုန်း တိုင်းတာ ခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ရောဂါအခံရှိ၊ မရှိမေးမြန်းခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ ကျန်းမာရေး လမ်းညွှန် ချက်များနှင့်အညီ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက စနစ်တကျ ကာကွယ်ဆေးများ ထိုးနှံပေးလျက် ရှိသည်။

ဗဟန်းမြို့နယ်အတွင်း ရပ်ကွက်ပေါင်း(၂၂)ရပ်ကွက်ရှိရာ ကာကွယ်ဆေးထိုးနှံခြင်းကို သက်ဆိုင်ရာ၊ ဦးတည် အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိပြီး၊ ယနေ့တွင် မင်္ဂလာစျေး ဓမ္မာရုံ၌ ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံခြင်း ယာယီရပ်နားပြီး၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို အလုပ်သမား ဓမ္မာရုံတွင် ရပ်ကွက်အလိုက်၁၈နှစ်နှင့်အထက် ပထမအကြိမ် ဆေးလာရောက်ထိုးနှံသူ စုစုပေါင်း (၂၇၆) ဦးရှိကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးများ ထိုးနှံပေးရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကိုလတ်နှင့် အဖွဲ့ဝင်များ မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အဖွဲ့များ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင် များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ၊မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတ အသင်းများ ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသူများကို အဆင်ပြေချောမွေ့စွာ ကာကွယ်ဆေး ထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိသည်။

အောင်မြင့်