ရပ်စောက်မြို့နယ်၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ရက်စောက် ဒီဇင်ဘာ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့၌ ကိုဗစ်-၁၉ရောဂါနှင့် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်း များတွင် ပြည်သူလူထုပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့မဈေး၊ ယာယီပျံကျဈေးနှင့် မြို့ပေါ်ရပ်ကွက်များအတွင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက Hand Speaker ဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြသည်။

ထိုသို့နှိုးဆော်ရာတွင် အိုမီခရွန်မျိုးကွဲသစ်သည် မူလကိုဗစ်-၁၉ရောဂါနှင့် လုံးဝမတူတော့ခြင်း၊ လက်ရှိ ကာကွယ်ဆေးများ၏ ထိရောက်မှုလျော့ကျနိုင်ခြင်း၊ ယခင်ကိုဗစ်-၁၉ရောဂါ ဖြစ်ဖူးသူများလည်း ထပ်မံ ဖြစ်ပွားနိုင်ခြင်းနှင့် ရောဂါကူးစက်မှု ပိုမိုမြန်ဆန်နိုင်ခြင်းတို့ကြောင့် ပြည်သူလူထုများအနေဖြင့် ပြင်ပ ဧည့်သည်များလက်မခံပါရန်နှင့် အခြားသူများထံ သွားရောက်လည်ပတ်ခြင်းမပြုကြပါရန်၊ အပြင်ထွက်ပါက ပါးစပ်နှင့်နှာခေါင်းစည်းများကို စနစ်တကျ တပ်ဆင်၍ သွားလာကြပါရန်၊ လက်ကိုမကြာခဏ ဆပ်ပြာနှင့် စနစ်တကျ စက္ကန့် (၂၀)ကြာဆေးကြောရန်၊ လူထူထပ်သည့်နေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်၊ နှာခေါင်းစည်း Mask မတပ်ဆင်ထားသောသူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှရှောင်ကြဉ်ကြရန်၊ မိမိအနေဖြင့် ရောဂါပိုး ကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ သွားရောက်ပြသ၍ ကျန်းမာရေးဌာန၏ လမ်းညွှန်ချက်အတိုင်း တိကျစွာ လိုက်နာ ကြရန်နှင့် မိဘပြည်သူများအားလုံး ကိုဗစ်-၁၉ရောဂါပိုး ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ် နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို စနစ်တကျ လိုက်နာပူးပေါင်း ဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)