ရန်ကင်းမြို့နယ်တွင် အသက်(၄၀)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinnovac) ဆက်လက်ထိုးနှံ

ရန်ကင်း ဒီဇင်ဘာ ၁၆

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန် အတွက် ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၄၀)နှစ်နှင့်အထက် ပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်၉နာရီက ရန်ကင်းမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ မိုးကောင်းဘုရားလမ်းရှိ မိုးကောင်းဆုတောင်းပြည့် စေတီတော်ဝန်းအတွင်းရှိ သာသနာဗိမာန် တော်ကြီးတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ကာကွယ်ဆေး လာရောက်ထိုးနှံကြသူများကို၊ မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များက သွေးအောက်ဆီဂျင် လည်ပတ်မှုနှုန်းတိုင်းတာခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်းတို့ကို ဆောင်ရွက်ပြီး ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများ စနစ်တကျ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ရန်ကင်းမြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးနှံခြင်းကို သက်ဆိုင်ရာ ဦးစားပေးအလိုက် ဦးတည် အုပ်စုများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံပေးရာ နေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့များ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတအသင်းများ ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြ သူများကို အဆင်ပြေ ချောမွေ့စွာ ကာကွယ်ဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

လှလှထွေး