မိတ္ထီလာ ဒီဇင်ဘာ ၁၆
မိတ္ထီလာမြို့ပြည်သာယာ (မ) ရပ်ကွက်ရှိ အခြေခံပညာ အလယ်တန်းကျောင်းတွင် ဒီဇင်ဘာလ အားကစား လ အထိမ်းအမှတ် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်သော မြန်မာ့ရိုးရာ ထုပ်စည်းထိုးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပကြောင်းသိရသည်။
ဒီဇင်ဘာအားကစားလ အထိမ်းအမှတ်အနေနဲ့ ပြည်သာယာ(မ)ရပ်ကွက် အခြေခံပညာ အလယ်တန်း ကျောင်းမှာ မြန်မာ့ရိုးရာ ထုပ်စည်းထိုးပြိုင်ပွဲကို ကျင်းပပြုလုပ်တာ ဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေ စာသင်ချိန်လည်း မပျက်အောင်၊ အားကစားလှုပ်ရှားမှုလည်း ပါဝင်ဆင်နွှဲနိုင်အောင် မနက်ပိုင်းအချိန်မှာ ထုပ်စည်းထိုးပြိုင်ပွဲကို ကျင်းပပြုလုပ်တာပါ။ ကျောင်းသား၊ ကျောင်းသူတွေလေးတွေ ပညာလည်းတော်ပြီး ကိုယ်လက်ကြံ့ခိုင်ကျန်းမာတဲ့ မျိုးဆက်သစ်လူငယ်လေးတွေ ဖြစ်စေဖို့လည်း ရည်ရွယ်ပြီး အခုလို အားကစားပြိုင်ပွဲလေးတွေကို စာသင်ချိန် မပျက်စေဘဲ ကျင်းပပေးတာဖြစ်ပါတယ်ဟု အဆိုပါကျောင်း၏ ကျောင်းအကျိုးတော်ဆောင်အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အဆိုပါ အခြေခံပညာအလယ်တန်းကျောင်းတွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီ စာကုံးပြိုင်ပွဲကိုလည်း ကျင်းပပြုလုပ်သွားရန် စီစဉ်လျက်ရှိကြောင်းသိရသည်။
ချမ်းသာ