ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာန (Community Center) ခန်းမတွင် Woman Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကျင်းပ

ရွှေပြည်သာ  ဒီဇင်ဘာ  ၁၆

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမ၌ အသင်းအဖွဲ့များနှင့် ပူးပေါင်းပါဝင်တတ်စေရန် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ လူအများနှင့် ပူးပေါင်းပါဝင် ဆွေးနွေးတတ်စေရန် ရည်ရွယ်၍ (Woman Club) အဖွဲ့ဝင်များနှင့် ယနေ့နံနက် (၁၁)နာရီအချိန်တွင် စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်အေးအေးမိုးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော (Woman Club) အဖွဲ့ဝင်များက စာရေးဆရာအောင်သင်း ရေးသားသော နှလုံးသားကို လေးပေါ်တင်၍ ပစ်သောအခါ စာအုပ်မှ အဖွဲ့ဝင် ဒေါ်ချိုအောင်က လူငယ်နှင့်သည်းခံမှု၊ အဖွဲ့ဝင် ဒေါ်လှမြင့်က စာတတ်ဖို့စာဖတ်ဖို့၊ အဖွဲ့ဝင်ဒေါ်နီက အတွေ့နှင့်အတွေး၊ အဖွဲ့ဝင်ဒေါ်သိန်းညွှန့်က ဖတ်ဖို့ကျင့်ဖို့ စသည့် ခေါင်းစဉ်များအား ဖတ်ကြားဆွေးနွေးပြီး တက်ရောက်လာကြသော အဖွဲ့ဝင်များနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Center) ခန်းမတွင် အသင်းအဖွဲ့များ အစည်းအဝေးပြုလုပ်ခြင်း၊ ဆွေးနွေးပွဲများလည်း လာရောက် အသုံးပြုနိုင်ပြီး စာဖတ်ဝိုင်းများ၊ Talk Show အသိပညာပေး ဆွေးနွေးပွဲများကိုလည်း ကျင်းပဆောင်ရွက်ပေးခြင်းနှင့် ပြည်သူ့စာကြည့်တိုက်တွင် သုတ/ရသ စာအုပ်မျိုးစုံကိုလည်း အခမဲ့ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

နေမျိုးထွန်း